မန်းတိုင်းအတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက်​ NLD ပါတီ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများ စိစစ်​​ရွေးချယ်​ပြီး​ဖြစ်

0
179

ဇွန် ၂၇
နိုင်လင်းဦး

မန္တ​လေးတိုင်း​ဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများ စီစစ်ရွေးချယ်ပြီးဖြစ်ကြောင်း သိရသည် ။

မန္တလေးတိုင်းဒေသကြီးအတွင်း ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တို့ကို ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်သွားမည်ဖြစ်သည် ။

မြင်းခြံမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​အတွက်​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်း ဦးစိန်​မြင့်​၊ သပိတ်​ကျင်းမြို့နယ်​ အမှတ်​(၁) တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​အတွက်​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်း ဦးစိုးလွင်​နှင့်​ ရှမ်းတိုင်းရင်းသား​ရေးရာလွှတ်​​တော်​ကိုယ်​စားလှယ်​အတွက်​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်း ဦးစိုင်းပန်းဆိုင်​(ခ) ဦးစိုင်းထွန်းစိန်​(ခ) ဦး​ကျော်​စိန်​တို့ဖြစ်​သည်​။

“ပါတီမှာ ဖြတ်သန်းမှု အတွေ့အကြုံ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံပေါ်မှာမူတည်ပြီး ရွေးချယ်ချယ်တာဖြစ်တယ် ။ မြင်းခြံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုရင် ပညာရေးမှာလည်း တာဝန်ယူဖူးတဲ့ သူဖြစ်တော့ စီမံခန့်ခွဲမှုတွေလည်း တတ်တယ် ။ ဒီအပေါ်တွေမှာ ကြည့်ပြီးရွေးချယ်တာပါ ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဦးတင်ထွဋ်ဦး က ပြောသည်။

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ဦးစိုင်းပန်းဆိုင်​(ခ) ဦးစိုင်းထွန်းစိန်​(ခ) ဦး​ကျော်​စိန်​ သည် ရှမ်းတိုင်းရင်းသား သာရေးနာရေးအသင်း နာယက တစ်ဦးဖြစ်သကဲ့သို့ မန္တလေးအခြေစိုက် တိုင်းရင်းသားပေါင်းစုံ (၁၅) ဖွဲ့ဖွဲ့စည်းထားသည့် အဖွဲ့တွင်လည်း ဥက္ကဋ္ဌ အဖြစ်တာဝန်ယူသူဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး တစ်နိုင်လုံးတွင် လစ်လပ်နေရာ (၁၂) ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

Leave a Reply