အိမ်အကူ ကရင်မ သေဆုံးမှု တရားလိုရှေ့နေ မရောက်မီ ရုံးထုတ်စစ်ဆေး

0
192

ဇွန် ၂၈
သော်လင်းထက်

ဆွဲကြိုးခိုးသည်ဟု စွပ်စွဲကာ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့သူ အိမ်အကူအမျိုးသမီး မခင်စ န္ဒာဦး(ခ)ကရင်မ၏ အမှုကို ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးက ရုံးချိန်း ချိန်းဆိုထားသည့် အချိန် ထက်စော၍ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အိမ်အကူ မခင်စန္ဒာဦး၏ ရှေ့နေအဖြစ်ဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကပြောသည်။

အဆိုပါအမှုအား ဒုတိယအကြိမ်မြောက်ရုံးချိန်းအဖြစ် ခရိုင်တရားရုံးတွင် ဇွန်လ၂၈ရက်က ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ဆရာမကိုပြောတုန်းက ဆရာမရောက်တဲ့အချိန်မှ အချုပ်ကို ထုတ်ပါမယ်ဆိုပြီး ခရိုင်တရားသူကြီးက ပြောပါတယ်။ဒါပေမဲ့ ဆရာမရောက်တဲ့အချိန်မှာ စောပြီးရုံးထုတ်သွားတယ်။ ဒါဟာ ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ဆရာမတောင်းဆိုချင်ပါတယ်”ဟု ဒေါ်စန်းစန်းမြင့်က ပြောသည်။

အဆိုပါရုံးချိန်းကို ယနေ့မွန်းလွဲပိုင်း ၂ နာရီတွင် ချိန်းဆိုထားသော်လည်း မွန်းလွဲပိုင်း ၁၂ ခန့်တွင် ရုံး ထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူသတ်မှုဖြင့် အမှုဖွင့် အရေးယူခံထားသူ ဒေါ်သိင်္ဂီစုသည် ပဲခူးခရိုင် ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်ပြီး အင်းတိုင် သံချပ်ကာတပ်ရင်းရှိ အရာရှိ ရိပ်သာတွင် နေထိုင်သူဖြစ်သည်။

ဒေါ်သိင်္ဂီစုသည် အိမ်အကူ မခင်စ န္ဒာဦးကို ကျန်းမာရေး မကောင်းဟုဆိုကာ မခင်စန္ဒာဦး နေထိုင်သည့် တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာ အုပ်စု၊ အုတ်ဖိုကျေးရွာသို့ ၎င်းကိုယ်တိုင် လာရောက်ပို့ဆောင်ခဲ့ပြီးနောက် မခင်စန္ဒာဦးသည် ညှင်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် ဆေးရုံမပို့မီ သေဆုံးခဲ့ပြီးရာအိမ်မှူးဖြစ်သူ ဦးအေးသောင်းက ဒေါ်သိင်္ဂီစုအား အရေးယူပေးရန် တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆိုရင် ၉နာရီလောက်ကတည်းက ရောက်နေတာ။ တရားလိုရှေ့နေမပါဘဲရုံးထုတ်လို့ရပါတယ်။ ဥပဒေအရာရှိရှိတယ်။ ခရိုင်ဥပဒေအရာရှိတွေလည်း ငုတ်တုပ်ထိုင်နေရတာ။ နေ့လည် ၁၂နာရီအထိတော့စောင့်ပါတယ်။ ရုံးချိန်းပေးတယ်ဆိုတာက ပါဝါတင်တဲ့သူတွေကို ဘဲရုံးချိန်းပေးလို့ ရတယ်”ဟု တရားစွဲဆိုခံရသူဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စည်ထွန်းက ပြောသည်။

တရားစွဲဆိုခံထားရသူ ဒေါ်သိင်္ဂီစုအားရုံးထုတ်ရာတွင် လုံခြုံရေးရဲအင်အား အများအပြားသုံးထားခြင်း max ဖြင့် မျက်နှာအားကာထားခြင်းကြောင့် လူစားလဲထားသည်ဟု ဝေဖန်မှုများကို ၎င်းက ငြင်းဆိုခဲ့ သည်။

အဆိုပါအမှုကို တွံ့တေးမြို့နယ်၊ ခလောက်ချိုက် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်ခဲ့ပြီး တရားလိုနှင့် သက်သေများ၏ ထွက်ဆိုချက်များအရ ဒေါ်သိင်္ဂီစုမှာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မေလ ၂၁ ရက်က ဖမ်းဆီးခဲ့သည်။

အဆိုပါအမှုကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ဆက်လက်စစ်ဆေးရန် တောင်ပိုင်းခရိုင်တရားရုံးက ပြန်လည်ချိန်းဆိုထားသည်။

Leave a Reply