ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွါသူများကို ပြန်လက်ခံရေး မြန်မာအသင့်ဖြစ်ပြီဟု ထင်ကြောင်း တရုတ်ပြော

0
134

ဇွန် ၂၉
ကိုဇေယျာ

မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွါထွက်ပြေးသွားသူ သိန်းချီကို ပြန်လည်ခေါ်ဆောင်ဖို့ အသင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် ၀မ်ယီက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘ်ဘူလ် ဟတ်ဆန် မိုဟာမွတ် အလီနဲ့ ဘေကျင်းမြို့မှာတွေ့ဆုံချိန်ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၈ ရက်က ဘေကျင်းမြို့မှာ မြန်မာနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံအနေနဲ့ နေရပ်စွန့်ခွါထွက်ပြေးသွားသူတွေကို ပြန်လက်ခံရေး အားထုတ်နေကြောင်းကို ကြားသိခဲ့ရပြီးဖြစ်တယ်လို့ တရုတ်နိုင်ငံတော် ကောင်စီဝင်
ဝမ်ရီက ပြောကြားလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒုက္ခသည်အဖြစ် ၀င်ရောက်သွားသူတွေကို ပြန်လက်ခံရေး မြန်မာဘက်က ပြင်ဆင်ထားပြီးပြီလို့ ခိုင်ခိုင်မာမာယူဆကြောင်း ၀မ်ရီက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပထမဆုံးအသုတ်ပြန်လည်လက်ခံရေး ဖြစ်နိုင်သမျှမြန်မြန်အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ၀မ်ရီက ပြောပါတယ်။

တရုတ်နိုင်ငံဟာ အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်ကူညီသွားမှာဖြစ်ပြီး နေရပ်စွန့်ခွါသွားသူတွေပြန်လာတဲ့အခါနေထိုင်ဖို့ အိမ်တွေအတွက် မြန်မာနိုင်ငံကို အကူအညီပေးထားပြီးဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုလည်း ရွက်ဖျင်တဲတွေ နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးထားပြီးဖြစ်တယ်လို့ ၀မ်ရီက ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတုန်းက နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံချိန် ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့သဘောထားကို ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှစ်နိုင်ငံတိုင်ပင်ဆွေးနွေးမှုကနေ လက်ခံနိုင်လောက်တဲ့အဖြေရှာဖွေပြီး ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းတာဟာ အကောင်းဆုံးချဉ်းကပ်မှုဖြစ်တယ်လို့ တရုတ်နိုင်ငံက ယုံကြည်ကြောင်း ၀မ်ရီက နေပြည်တော်မှာ ဒေါ်အောင်ဆနန်းစုကြည်နဲ့ ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

Leave a Reply