Trophy ကာကွယ်ရေးစနစ်များတပ်ဆင်မည့် အမေရိကန်တင့်ကားများ

0
132

ဇွန် ၃၀

ဇွဲထွဋ်ဦး

အမေရိကန်တပ်မတော်၏ M1 Abram ပင်မတိုက်ပွဲဝင်တင့်ကားများတွင် ထပ်ပိုးစနစ်အဖြစ် တပ်ဆင်ရန်အတွက် Trophy ကာကွယ်ရေးစနစ်ကို ရွေးချယ်လိုက်ကြောင်း ယခုအပတ်အင်္ဂါနေ့က သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ Trophy စနစ်များ တပ်ဆင်ရန်အတွက် အစ္စရေးအခြေစိုက် ကာကွယ်ရေးပစ္စည်းကုမ္ပဏီ Rafael Advanced Defense System ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသော တင်ဒါပေးအပ်လိုက်ပြီဖြစ်သည်။ အမေရိကန်တပ်မတော်သည် Abram တင့်ကားများတွင် တန်ပြန်ကာကွယ်ရေးစနစ်များ ထပ်ပိုးတပ်ဆင်ရန်အတွက် ၂၀၁၆ ခုနှစ်ကတည်းက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ရွေးချယ်မှုတွင် အစ္စရေးနိုင်ငံမှ Trophy စနစ်သာမကဘဲ Leonardo ကုမ္ပဏီမှထုတ်လုပ်သော ကာကွယ်ရေးစနစ် တစ်မျိုးလည်းပါဝင်ပြီး တိုက်ပွဲဝင်အတွေ့အကြုံ ပိုမိုများပြားသော Trophy စနစ်ကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Trophy ဟူသည်မှာ ဟီးဘရူးဘာသာစကားဖြင့် “လေဟုန်ခွင်းသူ” (Windbreaker) ဟု အမည်ရသော ကာကွယ်ရေးစနစ် ဖြစ်သည်။ ၎င်းအား Active Protection System (APS) ဟု ခေါ်ဆိုပြီး အစ္စရေးတပ်မတော်၏ Makava တင့်ကားများနှင့် အခြားသံချပ်ကာ တိုက်ခိုက်ရေးယာဉ်များတွင် တပ်ဆင်အသုံးပြုပါသည်။ အဆိုပါစနစ်တွင် ပစ်မှတ်အားရှာဖွေပေးမည့် ရေဒါများ တင့်ကားပတ်လည်တွင်ပါဝင်ပြီး တိုက်ယာဉ်အားပစ်ခတ်လာသည့် ပဲ့ထိန်းတင့်ဖျက်ဒုံးပျံများနှင့် ပဲ့ထိန်းမဲ့ တင့်ဖျက်လက်နက်များအား တန်ပြန်ချေမှုန်းရန် ကျည်ဆန် (Projectile) များလည်း ပါဝင်ပါသည်။ Trophy APS သည် မိမိတင့်ကားကို ဒုက္ခပေးရန် ဝင်ရောက်လာသော တင့်ဖျက်ဒုံးပျံများ၊ RPG ပခုံးထမ်းလက်နက်များအား ရေဒါဖြင့် ထောက်လှမ်းကာ တန်ပြန်တိုက်ခိုက်သော အကာအကွယ်စနစ်ဖြစ်သောကြောင့် Hard Kill Countermeasure System ဟု သတ်မှတ်ထားပါသည်။

Trophy APS စနစ်အား အစ္စရေးတပ်မတော်၏ Makava တင့်ကားများတွင် ၂၀၁၁ ခုနှစ်ကတည်းက စတင်တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ဂါဇာကမ်းမြှောင်စစ်ပွဲအတွင်း အဆိုပါကာကွယ်ရေးစနစ် တပ်ဆင်ထားသော တင့်ကားများသည် ရန်သူ့တင့်ဖျက်လက်နက် တိုက်ခိုက်မှုများစွာကို ကာကွယ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် တင့်ကားအဖွဲ့သားများ၏ အသက်ရှင်ရပ်တည်မှုကို များစွာအထောက်အကူ ပေးနိုင်ခဲ့သည်။ အစ္စရေးတို့၏ Makava တင့်ကားမှာလည်း သမရိုးကျနှင့် ပဲ့ထိန်းစနစ်သုံး တင့်ဖျက်လက်နက်များဒဏ်မှ လွတ်ကင်းခဲ့သောကြောင့် Trophy စနစ်နှင့်အတူ နာမည်ကြီးလာခဲ့သည်။

အမေရိကန်တပ်မတော်ရှိ M1 Abram တင့်ကားများသည် အကာအကွယ်ပိုင်းဆိုင်ရာတွင် နာမည်ကြီးသော တင့်ကားများ ဖြစ်သည်။ ၎င်းတင့်ကားများတွင် ပေါင်းစပ်သံချပ်ကာအလွှာများ (Composit Armour) နှင့် ပေါက်ကွဲတုံ့ပြန် သံချပ်ကာစနစ် (ERA) များ တပ်ဆင်မထားဘဲ စွန့်ပစ်ယူရေနီယံသတ္တုဖြင့် ပြုလုပ်ထားသောသံချပ်ကာ (DU Armor) တပ်ဆင်ထားသည်။ ထူးခြားသော DU Armor ဖြင့် M1 တင့်ကားများသည် အောင်မြင်မှုအချို့ ရရှိခဲ့သော်လည်း ခေတ်သစ်စစ်ပွဲတွင် DU Armor ကို ကောင်းစွာထွင်းဖောက်နိုင်သော တင့်ဖျက်လက်နက်များ ပေါ်ပေါက်လာသည်။ ပင်လယ်ကွေ့စစ်ပွဲ ပြီးဆုံးသည့်နောက်ပိုင်း တင့်ဖျက်လက်နက်ဖြင့် တိုက်ခိုက်ခံရသော တင့်ကားများသည် အသက်ရှင်ရပ်တည်နိုင်မှု ၅၀ ရာခိုင်နှုန်းပင် မရှိသောကြောင့် အနာဂတ် M1 Arbam တင့်ကားတို့အပေါ် ခြိမ်းခြောက်မှုများ မြင့်တက်လာခဲ့ရသည်။

အဆိုပါအခက်အခဲကို ဖြေရှင်းရန်အတွက် အမေရိကန်စစ်တပ်သည် အကာအကွယ်စနစ်များ ထပ်ပိုးတပ်ဆင်ရန် Trophy APS အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အစ္စရေး-အမေရိကန် သုတေသနတပ်ဖွဲ့များသည် M1 Abram တင့်ကားတစ်စီးတွင် Trophy စနစ်တပ်ဆင်ပြီး စမ်းသပ်ခဲ့သည်။ အဆိုပါတင့်ကားအား တင့်ဖျက်လက်နက် စုစုပေါင်း ၄၈ ကြိမ်ပစ်ခတ်ခဲ့ရာ Trophy စနစ်မှ ၄၈ ကြိမ်လုံး တန်ပြန်ကာကွယ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ Trophy စနစ်များကို အစ္စရေးနှင့် အမေရိကန်နိုင်ငံများတွင် နှစ်နေရာခွဲကာ ထုတ်လုပ်သွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း စတင်အသုံးပြုသွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

Leave a Reply