မြန်မာအစားအစာတွေစားဖို့ ‘ဓလေ့’ ကိုသွားရအောင်

0
143

EAT ME

မြန်မာပြည်က မြန်မာတစ်ယောက်ရဲ့ မနက်ခင်းကို မြန်မာအစားအစာတွေနဲ့ဖွင့်ဖို့ ဓလေ့ကိုရောက်ခဲ့တယ်။ ဒီဆိုင်က သင်္ကန်းကျွန်းမြို့နယ် ပြည်သာယာလမ်း အမှတ်(၃၄)မှာ ။စဖွင့်ထဲက မြန်မာအစားအစာနဲ့ပတ်သတ်လို့ မျက်နှာလှတဲ့ဆိုင်လေး။

ဓလေ့ကို စသိတော့ ဆိုင်မရောက်ဘူးခင်ကတည်းက နာမည်ကိုသဘောကျတယ်။ဆိုင်ရောက်တော့ ဆိုင်အပြင်အဆင်ကိုပိုသဘောကျတယ်။ အပြင်ပိုင်းမှာရော အတွင်းမှာပါ စိတ်ရှင်းရှင်းနဲ့အေးအေးသက်သာထိုင်နိုင်တဲ့ ရိုးရှင်းတဲ့အပြင်အဆင်ကို သဘောကျတယ်။ဆိုင်လေးကအထဲမှာကျဉ်းပါတယ်။ အဝင်မှာကျယ်ကျယ်ပြန့်ပြန့်ဝင်ရသလို ခံစားရအောင်လုပ်ထားတာကို စိတ်ထဲသဘောကျမိ။ အတွင်းမှာလဲ နေရာမကျယ်ပေမယ့် တဝိုင်းနဲ့တဝိုင်း အေးဆေးထိုင်စားလို့ရတယ်။

ဖွင့်ထားတဲ့သီချင်းတွေကအစ စတီဒီယိုခေတ်ဦးပိုင်းသီချင်းချိုချိုတွေမနက်ခင်းက ချိုလိုက်တာ။စာအုပ်စင်ပေါ်မှာလည်း စိတ်ဝင်စားစရာစာအုပ်တွေ။မနက်(၆)နာရီကညနေ(၆)နာရီ ဆိုင်သိမ်းတဲ့အထိ ထိုင်ဖတ်ဖို့အတွက်လည်း အဆင်ပြေ။

အစားအသောက်တွေဈေးတန်တာ ကောင်းတာတွေအရင်မရေးပဲ ဆိုင်အပြင်အဆင်တွေဘာလို့ရေးနေလဲပေါ့ ထင်ကြမှာပါ။အရသာဘယ်လောက်ကောင်းကောင်း ထိုင်စားဖို့အဆင်မပြေတဲ့နေရာဆိုရင် နှစ်ခါသွားဖို့မရွေးချယ်ဖြစ်ပါဘူး။ဈေးနှုန်းဆိုတာလည်း အမှန်အကန်စားသုံးသူတွေအတွက် အတားအဆီးမဟုတ်ပါဘူး။ဒီခေတ်မှာ အစားအသောက်ကိုနှုတ်ကစားပြီး ဆိုင်အပြင်အဆင်နဲ့ဝန်ဆောင်မှုကို စိတ်ကစားသုံးနေကြတာပါ။

ဓလေ့ရဲ့ အစားအသောက်အရသာတွေဆီပြန်သွားရအောင်။ မီနူးပုံကြည့်သိနိုင်ပါတယ်။ မနက်ခင်းအတွက်ဘာတွေရလဲ။မနက်စောရင်တော့ တချို့မြန်မာမုန့်တွေ သိပ်မရသေး။

စားခဲ့တာတော့ နို့စိမ်းခေါက်ဆွဲ၊ နို့ထမင်း၊ အကြော်လေးမျိုး ၊ ဆီထမင်းနဲ့ ကတ်ကူရံခြောက်၊ထန်းသီးမုန့်၊ ရွှေထမင်း။

ဆီထမင်းကတော့ ဓလေ့နဲ့မနက်စာလက်ဆောင်ခြင်းထဲက အကြိုက်ဆုံးအရသာ။ထန်းသီးမုန့်၊ ဆီထမင်း အရသာလည်းကောင်းတယ်။အကြော်ကလည်းချက်ခြင်ကြော်မို့ ပူပူဆူဆူ။ နို့ထမင်းနဲ့ နို့စိမ်းခေါက်ဆွဲတော့ အတော်လေးပေါ့ပေါ့။ကိုယ်တိုင်ကလည်း အလေးအရသာအလွန်စားတာကြောင့်ဖြစ်မှာ။ နို့စိမ်းခေါက်ဆွဲကိုမှ ကြက်မြစ်၊ပဲသွေး၊ ကြက်ခြေထောက် အပိုထည့်စားစရာများများနဲ့ မှာစားရတာကိုကြိုက်တယ်။လက်ဖက်ရည်ကတော့ ဆိုင်ဝန်ထမ်းတွေအပြုံးလောက်မချိုခဲ့။

ဈေးနှုန်းတွေကတော့ မီနူးမှာတခါတည်းပါပြီးသား သင့်တင့်တဲ့ဈေးတွေနဲ့ အေးအေးဆေးဆေးထိုင်နိုင်တဲ့ ဓလေ့ ပါ။

ဓလေ့လို့နာမည်ရှိလာတဲ့ထဲမှာ မနက်စာလက်ဆောင်ခြင်းနဲ့ မြန်မာမုန့်လက်ဆောင်ခြင်းကြောင့်လည်းပါပါတယ်။ မြန်မာမုန့်ကို ပြင်ဆင်ဖန်တီးမှုအသစ်နဲ့ထိုးဖောက်နိုင်သလို အရသာလည်းကောင်းလို့ မှာစားသူတွေလည်းများခဲ့ပါတယ်။ပုံလေးလည်းထည့်ပေးလိုက်တယ်နော်။

မြန်မာပြည်ကမြန်မာတယောက်ရဲ့ မနက်ခင်းမှာ မြန်မာစာတွေစားတဲ့ ဓလေ့လေးဖြစ်အောင် ဓလေ့ကိုလမ်းညွှန်ပါရစေ။

Leave a Reply