ကုန်ကြမ်းပြတ်လပ် စက္ကူထုတ်လုပ်သည့်စက်ရုံ ၂၀ ခန့်ပိတ်သိမ်း

0
169

ဇူလိုင် ၁၂
ဝေဝေဖြိုး

တရုတ်နိုင်ငံဘက်မှ စက္ကူကုန်ကြမ်းများ အလုံအရင်းဖြင့် ဝယ်နေသည့်အတွက် ပြည်တွင်း၌ကုန်ကြမ်းများ ရှားပါးလာခြင်းကြောင့် စက္ကူထုတ်လုပ်သည့်စက်ရုံ
၂၀ခန့် ပိတ်သိမ်းခဲ့ရကြောင်း ယနေ့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံစက်မှုဇုန်အသီးသီးရှိ စက္ကူစက်ရုံပိုင်ရှင်များနှင့် သတင်းစာနယ်ဇင်းအဖွဲ့များတွေ့ဆုံပွဲမှသိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသားများမှ ပခုက္ကူ ၊မြင်းခြံ စသည့် နယ်ဘက်ရှိဒေသများသို့ ဆင်း၍ စက္ကူကုန်ကြမ်းများ ဝယ်ယူနေကြကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ မဏ္ဍိုင်စက္ကူစက်ရုံပိုင်ရှင် ဦးတင်မောင်ဦးကပြောသည်။

“အကျိုးမြတ်အရမ်းရှိတော့ တရုတ်ဘက်က နယ်တွေမှာပါ ဆင်းကောက်နေကြတယ်။ စက္ကူစက်
၁လုံးလည်တာ ၁တန်ကို ၅သောင်းမြတ်ဖို့မလွယ်ဘူး။ သူတို့က ဟိုဘက်ပို့လိုက်ရင် ၁သိန်းလောက်မြတ်တယ်။
ကား၁စီးသွားရင် သိန်း ၂၀ ၊ ၃၀ မြတ်တဲ့အတွက်
ဘယ်သူဖြစ်ဖြစ် ကြိုးစားလုပ်ကြတာပေါ့။အဲ့လို လုပ်တာ ၁ဦး ၂ဦးမဟုတ်ဘူး အခုအများကြီးဖြစ်နေပြီ။အခုဆိုပခုက္ကူ မြင်းခြံဘက်မှာဆင်းဝယ်နေကြတယ်။”ဟု ၎င်းကပြောသည်။

ပြည်တွင်း၌အသုံးပြုပြီးဖြစ်သော စက္ကူကုန်ကြမ်းများမှာ ဈေးနှုန်းကွာခြားချက်ကြောင့် ပြည်တွင်းထက် ပြည်ပဈေးကွက်များသို့အလုံးအရင်းထွက်ရှိနေ၍ ပြည်တွင်းစက္ကူစက်ရုံများသို့ ကုန်ကြမ်းဝင် ရောက်မှု နည်းကာ လုပ်ငန်းလည်ပတ် ရန်အခက်အခဲ ဖြစ်ပေါ်နေကြောင်း ပြည်တွင်းစက္ကူ စက်ရုံပိုင်ရှင်များထံမှ သိရသည်။

စက္ကူကုန်ကြမ်းများ ပြည်ပသို့ အများအပြားထွက်ရှိနေမှုကြောင့် ပြည်တွင်းဝယ်ယူရသည့် ကုန်ကြမ်း ဈေးနှုန်းမှာ မြင့်တက်လျက်ရှိပြီး ပြီးခဲ့သည့် ဧပြီလက တစ်ပိသာလျှင် ၃၀၀ကျပ် ရှိခဲ့ရာမှ ယခုတစ်ပိသာ လျှင် ၃၆၀ကျပ် သို့ မြင့်တက်ခဲ့ကာ ဆက်လက်၍လည်း ကျပ် ၅၀၀ ခန့်အထိ မြင့်တက်လာနိုင်သည်ဟု ဦးတင်မောင်ဦးကပြောသည်။

အထက်မြန်မာပြည်တွင် တရုတ်ဘက်သို့ စက္ကူကုန်ကြမ်းထွက်ရှိသည့် ပမာဏမှာ ၁နေ့လျှင် အနည်းဆုံး တန်ချိန် ၂၀ ခန့် ရှိပြီး ၁နေ့ကို ကားအစီးရေ ၅စီးမှ ၁၀စီး အထိ ထွက်ရှိသည်ဟုဆိုသည်။

“တရုတ်ဘက်က သက်ဆိုင်ရာဌာနတွေကိုလဲ စာတွေတင်မယ် အမြန်ဆုံးလုပ်မှာပါ။ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးအဖွဲ့ တရုတ်စက္ကူနဲ့ပျော့ဖတ်အသင်းကို စာတင်မယ် ။သူတို့ဆီကတားထားတာဆိုတော့ သူခိုးပေါက်ကနေသွားရတာ မြန်မာပြည်ကတော့ သိပ်တားနိုင်မယ်မထင်ဘူး။တရုတ်ပြည်က တကယ်ပိတ်လိမ့်မယ်
ထိရောက်မယ်လို့ထင်ပါတယ်။ မြန်မာပျော့ဖတ်
အသင်းက တင်ပြဖို့ရှိသလို ပုဂ္ဂလိကစက်ရုံတွေ လက်မှတ်ထိုးပြီးတင်ပြဖို့ရှိတယ်။ဒီလထဲ တင်ပြမယ်။”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စက္ကူ စက်ရုံပေါင်း ၁၃၀ ကျော်ခန့်ရှိပြီး
ယင်းစက်ရုံများ၏ ကုန်ကြမ်းလိုအပ်ချက်သည် ခန့်မှန်းခြေ ၁နှစ်ကို တန်ချိန် ၄သိန်းခန့်ရှိကာ ယင်းတန်ချိန်မရရှိပါက လုပ်ငန်းလည်ပတ်ရန် များစွာခက်ခဲသည်ဟု
မြန်မာနိုင်ငံပျော့ဖတ်နှင့်စက္ကူလုပ်ငန်းအသင်းဒုတိယ ဥက္ကဌ ဦးကျော်မင်းကပြောသည်။

ပြည်တွင်း၌ လည်ပတ်နေသည့် စက္ကူစက်ရုံအားလုံး၏ အဓိကကုန်ကြမ်းသည် မြန်မာနိုင်ငံကထွက်ရှိသည့် ကျောင်းသုံးဗလာစာအုပ်ဟောင်းများ သတင်းစာ၊ ဂျာနယ်ဟောင်းများနှင့် ပုံနှိပ်စက်များက ဖြတ်ပြီးပိုသည့် စက္ကူ အပိုင်းအစများကို အခြေခံပြီးမှသာ လည်ပတ်နိုင်ခြင်းကြောင့် ယင်းကဲ့သို့အခြေခံကျသည့် ကုန်ကြမ်းများ
ပျက်လက်သွားမည်ဆိုပါက စက်ရုံဆက်လက်လည်ပတ်နိုင်မှုနှင့် အလုပ်သမားများ၏ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်ဟုဆိုသည်။

” ဒီကုန်ကြမ်းပြက်လက်သွားတဲ့အတွက် တချို့စက်ရုံတွေ ပိတ်သွားတာ ကြားသိရပါတယ်။ရုံ ၂၀လောက် ပိတ်သိမ်းသွားပြီဆိုပြီး သတင်းပို့ပါတယ်။
ဒီအခက်ခဲတွေက ဘာကြောင့်ဖြစ်လဲဆို ပြည်ပထွက်နေတဲ့ကုန်ကြမ်းတွေကြောင့်ပါ။ တရုတ် ၊အိန္ဒိယ သွားတာရှိတယ် ။နယ်စပ်ဒေသတွေကို ဖြတ်ကျော်ပြီး အခြားနိုင်ငံတွေကို တရားဝင်လဲသွားသလို တရားမဝင်လဲသွားနေတယ်လို့ သိရတယ်။ဒါကို ထိန်းဖို့က အတော်ခက်တယ်။ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာန ၊NGOတွေ၊ နယ်စပ်ကလူတွေ အကုန်ပေါင်းပြီး ပိတ်မှပဲ ရနိုင်တဲ့အခြေနေပါ။အဓိကက တရုတ်ပြည်မှာ အမေရိကားက သွင်းတဲ့ ကုန်ကြမ်းတွေကို ပိတ်လိုက်တဲ့အတွက် ပိုဆိုးသွားတယ်။”ဟု၎င်းကပြောသည်။

ယင်း အခက်အခဲများကို မြန်မာနိုင်ငံပျော့ဖတ်နှင့် စက္ကူလုပ်ငန်းအသင်းအနေဖြင့် ပြီးခဲ့သည့် ၇ လခန့်က
နိုင်ငံတော် ဒုတိယ သမ္မတနှင့် မြန်မာလုပ်ငန်းရှင်များ လစဉ်တွေ့ဆုံပွဲတွင် တင်ပြထားပြီး ပြေလည်မှုမရရှိပါက စက္ကူကုန်ကြမ်းများကို ပြည်ပမှ ဝယ်ယူတင်သွင်းနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် စက်မှုဝန်ကြီးဌာနတို့ကို ဆက်လက်တင်ပြ၍ မည်သည့်နည်းလမ်းနှင့်ဆောင်ရွက်လျှင် အဆင်ပြေနိုင်မည်ကို တင်ပြဆောင်ရွက်သွားမည်ဟုဆိုသည်။

ပြည်တွင်းတွင် ယင်းစက္ကူကုန်ကြမ်းများမှ တစ်ရူး၊ ဗလာစာအုပ်၊ စက္ကူ၊ ကုန်ထုတ်စက္ကူ နှင့်အခြားစက္ကူကုန်ချောပစ္စည်းများ ထုတ်လုပ်လျှက်ရှိပြီးအထက်မြန်မာပြည်တွင် ၁လကို တန်ချိန် ငါးထောင်ခန့် ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

Leave a Reply