FMI လေကြောင်းလိုင်း ပြေးဆွဲမှု ယာယီရပ်ဆိုင်း

0
142

ဇူလိုင်​ ၂၁
ဝေ​ဝေဖြိုး

ပြည်တွင်းခရီးစဉ် ပြေးဆွဲမှုများနှင့် လေယာဉ်စင်းလုံးငှား ၀န်ဆောင်မှုများကို လုပ်ကိုင်လျက်ရှိသော FMI လေကြောင်းလိုင်းမှ လေကြောင်းလိုင်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ယခုလ ၂၀ရက်​က သတင်းထုတ်​ပြန်​ခဲ့သည်​။

ယခုလ ၂၀ ရက်​နောက်ပိုင်းတွင် FMI လေကြောင်းလိုင်းနှင့် ပျံသန်းရန် ကြိုတင်လက်မှတ်ဝယ်ယူ ထားသော ခရီးသည်များကိုလည်း လေယာဉ်လက်မှတ်ခများ ပြန်လည်ပေးအပ်သွားမည်ဖြစ်​ပြီးဇူလိုင်လ ၂၃ ရက်တွင် လေယာဉ်စင်းလုံးငှားခရီးစဉ်တစ်ခု ပျံသန်းပြေးဆွဲရန်​ရှိ​သော​ကြောင့်​ ယင်း​နောက်​ပိုင်းတွင်​လေယာဉ်စင်းလုံးငှား ၀န်ဆောင်မှုကိုလည်း ယာယီရပ်ဆိုင်းသွားမည်ဖြစ်​ကြောင်းသိရသည်​။

“အခုလိုပြုလုပ်ခြင်းဖြင့် ကျွန်တော်တို့ဟာ လေကြောင်းလိုင်းအတွက် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြန်လည်ဖွဲ့စည်းမှုများနဲ့အတူ အနာဂတ်အတွက် လိုအပ်မယ့်​ လုပ်ငန်းလည်ပတ်မှုပုံစံ တစ်ရပ်ကိုပါ ဖော်ဆောင်သွားနိုင်မှာပါ။ဟု FMI လေကြောင်းလိုင်း၏ ဥက္ကဌဖြစ်သူ ဦးသိမ်းဝေ (ခေါ်) Mr. Serge Pun က ပြောသည်။

မြန်မာ့လေကြောင်းလိုင်းကဏ္ဍတွင်​ စီးပွားရေးစိန်ခေါ်မှုများစွာရှိနေပြီး အဖန်ဖန် ဆင်ခြင်သုံးသပ်မှုများ ပြုလုပ်ပြီးနောက် FMI လေကြောင်းလိုင်း၏ အကျိုးစီးပွားကိုရှေးရှု၍ လုပ်ငန်းလည်ပတ်မှုများကို ခေတ္တရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်​​သည်​ဟုဆိုသည်​။

FMI လေကြောင်းလိုင်းသည် အလားအလာရှိသော ရွေးချယ်စရာ နည်းလမ်းအသွယ်သွယ်ကို ဆန်းစစ်သုံးသပ်လျက်ရှိပြီး အနာဂတ်တွင် ဈေးကွက်အခြေအနေအရ လုပ်ငန်းလည်ပတ် မှုများကို ပြန်လည်ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းသိရသည်​။

ယင်းကဲ့သို့ လုပ်ငန်းလည်ပတ်မှုကို ခေတ္တရပ်ဆိုင်းရသည့်​အတွက်​​ ၀န်ထမ်းပေါင်း ၁၃၄ ယောက်မှာ အလုပ်မှ ရပ်နားရမည်ဖြစ်​သော​ကြောင့်​ ယင်းဝန်ထမ်းများကို လုပ်ငန်းစုအတွင်းရှိ အခြားလုပ်ငန်းဌာနများတွင် ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန် စီစဉ်ပေးသွားမည့်အပြင် မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ ကြိုတင်အသိပေးမှုများနှင့် လျော်ကြေးများလည်း ပေးအပ်သွားမည်ဖြစ်​ကြောင်း ယင်းထုတ်​ပြန်​ချက်​တွင်​​ဖော်​ပြထားသည်​။

” ​လေ​ကြောင်း​တွေ ရပ်​ဆိုင်းတာက ​လေယာဉ်​ငှားထားတာ​တွေကို ပြန်​အပ်​ရလို့ ဆွဲစရာ ​လေယာဉ်​ပျံမရှိလို့ပါ။Air Bagan ဆို မ​ပြေးဆွဲနိုင်​တာ ၃နှစ်​​လောက်​ရှိပြီ ။Apexဆိုရင်​ ၁နှစ်​​လောက်​ရှိသွားပြီ။ ဦးတို့ရဲ့ အမိန့်​ညွှန်​ကြားချက်​မှာက ၃လ မဆွဲနိုင်​ဘူးဆိုရင်​ AOCကို ပြန်​အပ်​ရမှာပါတယ်​။ အခု​နောက်​ပိုင်း ​လော​လောဆယ်​ ​လေယာဉ်​ပြန်​ငှားဖို့ အ​ခြေ​နေမရှိ​သေးလို့ AOCကို ပြန်​အပ်​ခွင့်​​တောင်းတယ်​။ ဦးတို့ဘက်​က ရုတ်​သိမ်း​ပေးလိုက်​တယ်​ ဒါပါပဲ။အခုလို ပြန်​အပ်​တာ ဒီ ၂လိုင်းပဲရှိပါ​သေးတယ်​။”ဟု ​လေ​ကြောင်းပို့​ဆောင်​​ရေး ညွှန်​ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်​ကြား​ရေးမှူးချုပ်​ ဦးရဲထွဋ်​​အောင်​က​ပြောသည်​။

FMI​လေ​ကြောင်းလိုင်းကို ၂၀၁၂ ခုနှစ်တွင် လေယာဉ်စင်းလုံးငှားရမ်းခြင်းဖြင့် စတင်ခဲ့ပြီးပထမဦးဆုံး ၀န်ဆောင်မှုအနေဖြင့် ရန်ကုန်-နေပြည်တော် ပျံသန်းမှုကိုစတင်ခဲ့ကာ၂၀၁၅ ခုနှစ်တွင် FMI လေကြောင်းလိုင်းသည် ကိုယ်တိုင်လုပ်ငန်း လည်ပတ်မှုများ စတင်ခဲ့ပြီး ရန်ကုန်-နေပြည်တော်ခရီးစဉ်အပြင် ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် သံတွဲ အစရှိသည့်ခရီးစဉ်များကိုပါ ပြေးဆွဲခဲ့သည်။

ယင်းFMI လေကြောင်းလိုင်းကို First Myanmar Investment Co., Ltd. မှ ၁၀% ပိုင်ဆိုင်ထားသည်။

Leave a Reply