ရေကြီးနစ်မြုပ်မှုကြောင့် ဘားအံမြို့ပေါ် စာသင်ကျောင်းများ ပိတ်ထား

0
187

ဇူလိုင် ၂၈
ကျော်သူမြင့်

မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေတိုးလာမှုကြောင့် ဘားအံမြို့ရှိ စာသင်ကျောင်းအားလုံးကို ယာယီပိတ်ထားကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ် လှိုင်ထွေးက ပြောသည်။

“ပိတ်တာကတော့ သောကြာနေ့က စပိတ်တယ်။ ရေကဒီပုံစံအတိုင်းဆို ကျဖို့ကမလွယ်ဘူး ငါးရက် လောက်တော့ အနည်းဆုံးပိတ်ထားရမယ် သံလွင်မြစ်ရေကလည်း ဆက်တိုးနေတယ်” ဟု ဦးတေဇထွဋ်လှိုင်ထွေး က ပြောသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ဘားအံမြို့တွင် အရေးပေါ် ရေဘေးကယ် ဆယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ်ထား ပြီး အိမ်ထောင်စု ၁၅၅၀ မှ လူဦးရေ ၈၀၀၀ကျော် ခိုလှုံလျက်ရှိကြောင်း ၎င်းကပြောသည်။

“ဒီနေ့ဆို အစိုးရအဖွဲ့က ဒီမနက်ကတည်းက ရေဘေးကယ်ဆယ်ရေး စခန်းကို သွားနေတာ ကျွန်တော် တို့ ခုဆို စခန်း(၁၀)ခုကို ဆန်၊ ရေသန့် အခြားစားသောက်စရာတွေ လိုက်လံဝေငှ ပေးနေတယ်။တခြား အဖွဲ့အစည်းအလှူရှင်တွေကလည်း လာလှူနေတယ်ဆိုတော့ ပြည့်စုံ မှုတော့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဆက်လက်တိုးလျက်ရှိပြီး စိုးရေရေမှတ်အထက် ၉၀၆ စင်တီမီတာ ရှိကြောင်း ထုတ်ပြန်ထားသည်။

ပဲခူတိုင်း ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ်၊ တနင်္သာရီ၊မကွေး တို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် လူဦးရေ ၄၀၀၀၀ ကျော် ရေဘေးတိမ်းရှောင်နေ ရကြောင်း သိရသည်။

Leave a Reply