နည်းပညာနှင့် အင်ဂျင်နီယာအလုပ်အကိုင် ထောင်နှင့်ချီခေါ်ယူ

0
265

သြဂုတ်​ ၉
ဝေဝေဖြိုး

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၃၁ ရက်ထိ ၆လတာ ကာလအတွင်း www.jobnet.com.mm ၏ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက် မှတဆင့် နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ပေါင်း တစ်ထောင်ကျော်ကို မြန်မာ့ထိပ်တန်း ကုမ္ပဏီကြီးများက ခေါ်ယူခဲ့ကြောင်း JobNet.com.mm ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr. Matt De Luca က ပြောသည်။

JobNet.com.mm တွင် ဒီဇိုင်းနှင့် ဗိသုကာပညာရပ်ဆိုင်ရာ၊ Hardware နှင့် Software အင်ဂျင်နီယာများ၊ Web နှင့် Mobile Developer များ၊ QA, သိပံ္ပနှင့် နည်းပညာ၊ အင်ဂျင်နီယာနှင့် နည်းပညာ၊ စသည့် အလုပ်အကိုင် အမျိုးမျိုးကို ခေါ်ယူလျက်ရှိကြောင်း သိရသည်။

“စီးပွားရေး လုပ်ငန်းတွေဟာ ပိုမိုကြီးထွားလာတာနဲ့အမျှ နည်းပညာပိုင်းတွေကို ပြစ်ပယ်လို့ မရပါဘူး။ ဒါကြောင့်ပဲ ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးနဲ့အညီ နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်တွေကလည်း ခေါ်ယူမှု မြင့်တက် လာနေပါတယ်။ အနာဂတ်မှာလည်း ဒီထက်ဒီထက်ပိုပြီး တိုးတက်လာမှာဖြစ်ပါတယ်။ JobNet အနေနဲ့လည်း နည်းပညာနဲ့ အင်ဂျင်နီယာအလုပ်အကိုင်တွေ ပေါ်ထွက်လာအောင်ပိုမိုလုပ်ဆောင်လျက်ရှိပါတယ်” ဟု
JobNet.com.mm အမှု ဆောင်အရာရှိချုပ် Mr. Justin Sway က ပြောသည်။

ယင်းအလုပ်အကိုင်အမျိုးမျိုးအတွက် လျှောက်ထားသူမှာ နှစ်ဝက်အတွင်း ၁၅၀၀၀ ခန့်ရှိပြီး လျှောက်ထားမှု မြင့်တက်လာနေသော နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာအလုပ်အကိုင်များ ထပ်မံ ဖော်ထုတ် နိုင်ရေးအတွက် ဆောင်​ရွက်​လျက်​ရှိကြောင်း ၎င်းကပြောသည်​။

ထို့ပြင်​ နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲကိုလည်း သြဂုတ်လ ၁၂ ရက်၌ ရန်​ကုန်​မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း www.jobnet.com.mm မှ သိရသည်။

ယင်း အလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲတွင်
စီးပွားရေးလုပ်ငန်းများစွာက ဆော့ဖ်ဝဲ၊ ဟာဒ်ဝဲနှင့် နက်ဝက်ကင်း အင်ဂျင်နီယာများ၊ ပရိုဂရမ်ရေးဆွဲသူများ၊ ၀က်ဘ်ဆိုက်နှင့် မိုဘိုင်းအပ် ရေးသားသူများ၊ ဆိုက်ဘာလုံခြုံရေး စသည့် နည်းပညာရှင်များစွာကို ရှာဖွေမည်ဖြစ်ပြီး နည်းပညာနှင့် အင်ဂျင်နီယာနယ်ပယ်မှ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများစွာက ဟောပြော
ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်​။

“မြန်မာနိုင်ငံမှာ နည်းပညာနဲ့ အင်ဂျင်နီယာလုပ်ငန်းနယ်ပယ်တွေဟာ လျင်လျင်မြန်မြန်ပဲ ဖွံ့ဖြိုးတိုးတက် နေပါတယ်။ပြီးခဲ့တဲ့ ၁၂ လလောက်ကိုပဲ ကြည့်မယ်ဆိုရင် နည်းပညာနှင့် အင်ဂျင်နီယာကဏ္ဍနဲ့ ပတ်သက်တဲ့ ကုမ္ပဏီအရေ အတွက်ရော အမျိုးအစားပါ တိုးတက်လာတဲ့ သက်သေတွေရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဆက်လက်ဖွံ့ဖြိုး တိုးတက်ဦးမယ့် လက္ခဏာလည်း ဖြစ်ပါတယ်” ဟု Jobnet.com.mm ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Matt De Luca ကပြောသည်။

ယင်းပြပွဲတွင်​ QS, QA နှင့် စီမံကိန်းစီမံခန့်ခွဲသူများ၊ လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာများ၊ ဓာတုဗေဒ၊ မက်ကယ်ထရောနစ်၊ အီလက်ထရောနစ် အင်ဂျင်နီယာများ၊ ဒီဇိုင်းအင်ဂျင်နီယာများစသည့် အင်ဂျင်နီယာပေါင်း များစွာကို ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

အော်ရီဒူး၊ ကမ္ဘောဇ၊ Grab နှင့် Huawei စသည့် မြန်မာနိုင်ငံအခြေစိုက် စီးပွားရေး လုပ်ငန်းကြီး များစွာက နယ်ပယ်စုံမှ နည်းပညာ ကျွမ်းကျင်လုပ်သားများစွာကို ရှာဖွေလျက်ရှိပြီး JobNet နှင့် ချိတ်ဆက်ထားသည့် မြန်မာ့ထိပ်တန်း ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာ ကုမ္ပဏီကြီးများ ကလည်း အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ လုပ်သားများစွာကို ရှာဖွေလျက်ရှိသည်။

Leave a Reply