“အမွှေစိန်” ကို ဘယ်လိုဖန်တီးခဲ့သလဲ …

0
210

ပဉ္စမလှိုင်း

ကလေးငယ်တွေသာမကလူကြီးမိဘတွေပါသဘောကျပြီး ကလေးတွေကြားရေပန်းစားသလို နိုင်ငံတကာက အန်နီမေးရှင်းလောကမှာလည်းဟိုလေးတကျော်ဖြစ်ခဲ့တဲ့ အန်နီမေးရှင်းတစ်ခုကတော့ စီးရီးလိုက်ရိုက်ကူးထားတဲ့ Masha and the Bear ဆိုတဲ့ ရုရှားအန်နီမေးရှင်းပဲဖြစ်ပါတယ်။ မြန်မာပရိသတ်တွေကြားမှာတော့ လူတိုင်းနီးပါးရင်းနှီးပြီးသားဖြစ်တဲ့ “အမွှေစိန်” အန်နီမေးရှင်းကာ တွန်းကားလေးပဲဖြစ်ပါတယ်။

စွန့်စားခန်းတွေကိုစိတ်ဝင်စားပြီးအမြဲတမ်းစပ်စပ်စုစုလုပ်တတ်လွန်းလို့ အမွှေစိန် လို့မြန်မာပရိသတ် တွေချစ်စနိုးခေါ်ကြတဲ့ Masha လေးဟာ လူကောင်သေးပြီး ချစ်စရာလည်းအလွန်ကောင်းပါတယ်။ သူ့ရဲ့လုပ်သမျှအလွဲတွေ၊ ကြုံရသမျှအဆင်မပြေမှုတွေကို ဖခင်တစ်ယောက်လိုအမြဲတမ်း လိုက်လံစောင့်ရှောက်ပြီး ဖြေရှင်းပေးတတ်တဲ့ ဝက်ဝံတစ်ကောင်နဲ့ သူမကြားက မေတ္တာတရားကို အခြေခံပြီးရိုက်ကူးပုံဖော်ထားတဲ့ အန်နီမေးရှင်းဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့မြောက်ပိုင်းအစွန်အဖျားဒေသက ကျေးလက်တောင်တန်းနေရာကိုအခြေခံပြီးရိုက် ကူးထား တာဖြစ်လို့ အမွှေစိန်နဲ့ဝက်ဝံကြီးနေထိုင်ရာပတ်ဝန်းကျင်ဟာ တောတွင်းတိရစ္ဆာန်၊ သစ်ပင်ပန်းမန်တို့နဲ့ သာယာလှပပြီးနေချင်စဖွယ်ဖြစ်နေတာပဲဖြစ်ပါတယ်။

ဒီအန်နီမေးရှင်းကို အန်နီမိတ်တာပေါင်း ၇၀ကျော်မှာတစ်ယောက်ချင်းစီက တစ်နေ့ကို screen time ၂စက္ကန့်ကနေ ၄စက္ကန့်စီ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ အလုပ်လုပ်နှုန်းကို အဲ့ဒီလောက်ထိအရှိန်လျှော့ ချရတဲ့အကြောင်း အရင်းကတော့ ပုံမှန်ထုတ်လွှင့်နေကျရုပ်သံစီးရီးတွေနဲ့မတူဘဲ အရည်အသွေးမြင့်ပြီး ဇာတ်ကောင် ရုပ်ထွက်ကောင်းတဲ့အန်နီမေးရှင်းအဖြစ်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ အန်နီမိတ်တာတွေဟာ 3-D effect ကိုသုံးပြီး အမွှေစိန်လေးရဲ့သွားတစ်ချောင်းစီကိုတောင် ရေတွက်နိုင်တဲ့အထိ အံ့အားသင့်စရာကောင်းလောက်အောင်ကြိုးစားအားထုတ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါကြောင့် မိနစ်ခြောက်ဆယ်စာ episode တစ်ပိုင်းအတွက် ဒေါ်လာ နှစ်သိန်းခွဲကုန်ကျတယ်လို့လည်း ဆိုပါတယ်။

ပထမဆုံး episode ကို ၂၀၀၉ခုနှစ်မှာစတင်ထုတ်လွှင့်ခဲ့ရာ ကမ္ဘာတစ်ဝန်း ဘာသာပေါင်း ၂၅မျိုးနဲ့ပြန်ဆိုပြီး အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ကျော်ထုတ်လွှင့်ပြသရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ယူကျုမှာ အမွှေစိန်ကို ရှာတဲ့သူ ကြည့်တဲ့သူအရေအတွက် ဘီလီယံနဲ့ရှိပါတယ်။ Animaccord Animation Studio (Moscow, the Russian Federation) ကနေ season ၃ခုနဲ့ထုတ်လွှင့်ပြသခဲ့ပြီး စုစုပေါင်း episode ၇၂ ပိုင်းရှိပါတယ်။ ဒါ့အပြင် အမွှေစိန် အန်နီမေးရှင်း မှာပါတဲ့ ကလေးမလေး Masha နဲ့ ဝက်ဝံတို့ဟာဂီတသံမပါပေမယ့်လည်း ကြည့်ရှုသူ အရေအတွက် ဘီလီယံချီရှိတဲ့ အနုပညာရှင်တွေအဖြစ်လည်းမှတ်တမ်းတင်ခံထားရပါတယ်။

အခုနောက်ဆုံး season 4 ရဲ့ပထမဆုံး ၁၃ပိုင်းကိုလည်း မကြာသေးမီအချိန်ကမှ ထုတ်လွှင့်ထား ပြီးဖြစ်ပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့ ကလေးရှိတဲ့အိမ်တိုင်းနီးပါး အမွှေစိန် ဖြစ်နေတာမဆန်း တော့ဘူးလို့ထင်ပါတယ်။ သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကလည်း လက်ဖျားခါရလောက်အောင် ကောင်းလွန်းတာကြောင့် ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ရပါတယ်။

Leave a Reply