ဦးပါေမာကၡအား ပုဒ္မ ၅၀၅(ခ)ျဖင့္ စြဲဆိုထားမႈကို ပယ္ဖ်က္ေပးရန္ ေလ်ာက္ထားမႈ မေအာင္ျမင္

0
164

ရန္ကုန္၊ဒီဇင္ဘာ ၂၂ ၊၂၀၁၇

မေကြးေက်ာင္းဆရာေတာ္ ဦးပါေမာကၡအေပၚ ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈ ပုဒ္မ-၅၀၅(ခ) ျဖင့္တရားစြဲဆိုခံထားရသည့္ အမႈကို ပယ္ဖ်က္ ေပးရန္ ေလွ်ာက္ထားမႈအား ကမာရြတ္ၿမိဳ႕နယ္ တရားရံုးမွ ပယ္ခ် ခံခဲ့ရေၾကာင္း မေကြးေက်ာင္းဆရာေတာ္ ဦးပါေမာကၡအမႈ ကူညီေစာင့္ေရွာက္သူမ်ား အဖြဲ႕မွသိရသည္။

“တိုင္ၾကားစာမွာပါတဲ့လက္မွတ္က တရားလိုလက္မွတ္မဟုတ္တဲ့အတြက္ ဆက္လက္ၿပီးေတာ့ တရားမစြဲဖို႕အတြက္ ေလွ်ာက္ထားတာကို မေန႔ကအမိန္႔မခ်ဘဲ ဒီေန႕အမိန္႔ခ်ေတာ့ ပယ္ခ်ခံလိုက္ရတယ္ ” ဟု မေကြးေက်ာင္းဆရာေတာ္ ဦးပါေမာကၡအမႈ ကူညီေစာင့္ေရွာက္သူမ်ား အဖြဲ႕မွ ဦးစည္သူျမင့္ကေျပာသည္။

ဦးပါေမာကၡ၏ ေရွ႕ေန ေဒၚမုိးမိုးေအးက ဦးပါေမာကၡကုိ တရားလုိျပဳ တုိင္တန္းထားသည့္ ကမာရြတ္ၿမိဳ႕နယ္၊ဒုတိယအေထြေထြ အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းထြန္းေအာင္၏ ဦးတုိက္တုိင္ၾကားစာပါ လက္မွတ္သည္ တရားလုိ၏ လက္မွတ္မဟုတ္ျခင္း၊ ဦးပါေမာကၡသည္ သံဃာျဖစ္၍ ယခုကဲ့သုိ႔ အမႈမ်ိဳးတြင္ သံဃာ့နာယက၏ ခြင့္ျပဳစာလုိအပ္ျခင္းႏွင့္ ဦးပါေမာကၡမွာ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစရန္ ေဟာေျပာမႈ မျပဳလုပ္ခဲ့ျခင္းတို႔ေၾကာင့္ စြဲဆုိထားသည့္ ပုဒ္မ ၅၀၅ (ခ) ကုိ ပလပ္ကာ လႊတ္ေပးသင့္ေၾကာင္း ႏုိဝင္ဘာလ၂၈ ရက္ေန႔က ကမာရြတ္ၿမိဳ႕နယ္တရား႐ံုးသုိ႔ ေလွ်ာက္တင္ခဲ့သည္။

တရားလို၏ တရား႐ံုးသို႔ တရားစြဲဆိုေပးရန္ ဦးတုိက္ ေလွ်ာက္ထားလႊာတြင္ တရားလို၏လက္မွတ္ မမွန္ကန္ေသာ္လည္း ဦးတိုက္ေလွ်ာက္ထားလႊာ ေနာက္္ဆက္တြဲ (က)တြင္ပါဝင္ေသာ လက္မွတ္မွာ တရားလိုျဖစ္သူ၏ လက္မွတ္မွန္ကန္ျခင္း၊ တရားလိုျပသက္ေသ ၆ ဦးကိုစစ္ေဆးၿပီးမွသာ လက္မွတ္မွန္ကန္မႈ ရွိ မရွိ ဆံုးျဖတ္၍ရနိုင္မည္ျဖစ္ျခင္းႏွင့္ လိုျပသက္ေသ ၆ ဦးစစ္ေဆးရန္ က်န္ေနေသးျခင္းမ်ားေၾကာင့္ တင္ျပေလွ်ာက္ထားမႈကို ပယ္ခ်ခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ တရားလိုေရွ႔ေနမွ ဦးပါေမာကၡသည္ အသက္ႀကီးရင့္ေနၿပီ ျဖစ္သည့္အတြက္ အာမခံေပးရန္ေလွ်ာက္ထားခဲ့ေသာ္လည္း ပုဒ္မ ၅၀၅ (ခ) သည္ အာမခံေပးလို႔ရသည္ပုဒ္မ မဟုတ္သည့္အတြက္ အာမခံ မေပးႏိုင္ေၾကာင္း တရားသူႀကီးက အမိန္႔ခ်မွတ္ခဲ့သည္ဟု ဦးစည္သူျမင့္က ေျပာသည္။

ဆရာေတာ္ဦးပါေမာကၡသည္ ၿငိမ္ခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ ပုဒ္မ- ၁၉ အတြက္ ေထာင္ဒဏ္ ၁ လ ခ်မွတ္ခံရသည္မွာ ၁ လ ျပည့္၍ ျပန္လည္လြတ္ေျမာက္ၿပီျဖစ္ေသာ္လည္း ပုဒ္မ -၅၀၅ (ခ) အတြက္ ဆက္လက္အမႈရင္ဆိုင္ရမည္ျဖစ္သည္။

ၿဖိဳးၿဖိဳး ၊ ျမတ္ဟိန္းေက်ာ္

ရန်ကုန်၊ဒီဇင်ဘာ ၂၂ ၊၂၀၁၇

မကွေးကျောင်းဆရာတော် ဦးပါမောက္ခအပေါ် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ-၅၀၅(ခ) ဖြင့်တရားစွဲဆိုခံထားရသည့် အမှုကို ပယ်ဖျက် ပေးရန် လျှောက်ထားမှုအား ကမာရွတ်မြို့နယ် တရားရုံးမှ ပယ်ချ ခံခဲ့ရကြောင်း မကွေးကျောင်းဆရာတော် ဦးပါမောက္ခအမှု ကူညီစောင့်ရှောက်သူများ အဖွဲ့မှသိရသည်။

“တိုင်ကြားစာမှာပါတဲ့လက်မှတ်က တရားလိုလက်မှတ်မဟုတ်တဲ့အတွက် ဆက်လက်ပြီးတော့ တရားမစွဲဖို့အတွက် လျှောက်ထားတာကို မနေ့ကအမိန့်မချဘဲ ဒီနေ့အမိန့်ချတော့ ပယ်ချခံလိုက်ရတယ် ” ဟု မကွေးကျောင်းဆရာတော် ဦးပါမောက္ခအမှု ကူညီစောင့်ရှောက်သူများ အဖွဲ့မှ ဦးစည်သူမြင့်ကပြောသည်။

ဦးပါမောက္ခ၏ ရှေ့နေ ဒေါ်မိုးမိုးအေးက ဦးပါမောက္ခကို တရားလိုပြု တိုင်တန်းထားသည့် ကမာရွတ်မြို့နယ်၊ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၏ ဦးတိုက်တိုင်ကြားစာပါ လက်မှတ်သည် တရားလို၏ လက်မှတ်မဟုတ်ခြင်း၊ ဦးပါမောက္ခသည် သံဃာဖြစ်၍ ယခုကဲ့သို့ အမှုမျိုးတွင် သံဃာ့နာယက၏ ခွင့်ပြုစာလိုအပ်ခြင်းနှင့် ဦးပါမောက္ခမှာ နိုင်ငံတော်အကြည်ညိုပျက်စေရန် ဟောပြောမှု မပြုလုပ်ခဲ့ခြင်းတို့ကြောင့် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) ကို ပလပ်ကာ လွှတ်ပေးသင့်ကြောင်း နိုဝင်ဘာလ၂၈ ရက်နေ့က ကမာရွတ်မြို့နယ်တရားရုံးသို့ လျှောက်တင်ခဲ့သည်။

တရားလို၏ တရားရုံးသို့ တရားစွဲဆိုပေးရန် ဦးတိုက် လျှောက်ထားလွှာတွင် တရားလို၏လက်မှတ် မမှန်ကန်သော်လည်း ဦးတိုက်လျှောက်ထားလွှာ နောက််ဆက်တွဲ (က)တွင်ပါဝင်သော လက်မှတ်မှာ တရားလိုဖြစ်သူ၏ လက်မှတ်မှန်ကန်ခြင်း၊ တရားလိုပြသက်သေ ၆ ဦးကိုစစ်ဆေးပြီးမှသာ လက်မှတ်မှန်ကန်မှု ရှိ မရှိ ဆုံးဖြတ်၍ရနိုင်မည်ဖြစ်ခြင်းနှင့် လိုပြသက်သေ ၆ ဦးစစ်ဆေးရန် ကျန်နေသေးခြင်းများကြောင့် တင်ပြလျှောက်ထားမှုကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တရားလိုရှေ့နေမှ ဦးပါမောက္ခသည် အသက်ကြီးရင့်နေပြီ ဖြစ်သည့်အတွက် အာမခံပေးရန်လျှောက်ထားခဲ့သော်လည်း ပုဒ်မ ၅၀၅ (ခ) သည် အာမခံပေးလို့ရသည်ပုဒ်မ မဟုတ်သည့်အတွက် အာမခံ မပေးနိုင်ကြောင်း တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်ဟု ဦးစည်သူမြင့်က ပြောသည်။

ဆရာတော်ဦးပါမောက္ခသည် ငြိမ်ချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ- ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခံရသည်မှာ ၁ လ ပြည့်၍ ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း ပုဒ်မ -၅၀၅ (ခ) အတွက် ဆက်လက်အမှုရင်ဆိုင်ရမည်ဖြစ်သည်။

ဖြိုးဖြိုး ၊ မြတ်ဟိန်းကျော်

Leave a Reply