အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ပါတီတာဝန်များရပ်ဆိုင်းခံ ခဲ့ရသော ဒေါ်သက်သက်ခိုင်နှင့် ဆက်သွယ်မေးမြန်းခြင်း

0
205

“ဘယ်လိုအခြေအနေမျိုးဖြစ်လာမလဲဆိုရင် ပါတီတွင်းမှာတော့ အကြောက်တရားတိုးပွား သွားမှာပေါ့လေ”

ကျော်သူမြင့်

FWN – အန်တီနဲ့ အန်ကယ်ဦးကျော်ဇေယျကို ပါတီလုပ်ငန်းတာဝန်တွေကနေရပ်ဆိုင်းတယ်လို့ စာတစ်စောင်ထုတ်ပြန်တာကို သိရပါတယ်။ ဘာကြောင့် ရပ်ဆိုင်းရတယ်ဆိုတာကို ပြောပြပေးပါ။

DTTK – ပါတီကတော့ ကျွန်မကိုအဲ့စာပဲပေးတာရှင့်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ အစည်းအဝေးဆုံးဖြတ်ချက်အရ ဦးဥာဏ်ဝင်းကနေ လက်မှတ်ထိုးပြီးထုတ်တယ်။ ပြီးမှ ကျွန်မတို့ မြို့နယ်ဥက္ကဋ္ဌကို ပေးပြီးတော့မှ မြို့နယ်ဥက္ကဋ္ဌဆီကမှ ကျွန်မဆီရောက်တာပါရှင့်။ ပါတီက ဘာမှ မပြောပါဘူး။ ကျွန်မကတော့ တိုက်ရိုက်မမေးဘူး မီဒီယာတွေက မေးတဲ့အချိန်မှာ ပါတီစည်းကမ်း ဖောက်ဖျက်လို့ ဖြေပါတယ် ဒေါက်တာမျိုညွှန့်က။

FWN – ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပါတီကိုဝေဖန်ပြောဆိုမှုတွေရှိလို့ အရေးယူတယ် လို့ပြောပါတယ်။

DTTK – ဒေါက်တာမျိုးညွှန့်ဖြေတာကတော့ ပါတီအတွင်းစည်းဆိုတာထက် သူတို့ခံစားရတာတော့ ပါတီခေါင်းဆောင်ကိုထိခိုက်တယ်လို့ ယူဆလို့ ကျွန်မကိုအပြစ်ဒဏ်ပေးတာပေါ့လေ။ ဒါကျွန်မပြော တာမဟုတ်ဘူး ဒေါက်တာမျိုးညွှန့်ပြောတာ။

FWN – ပါတီလုပ်ငန်းတာဝန်ရပ်စဲခံရတဲ့အပေါ်မှာ ဘယ်လိုထင်မြင်ချက်ပေးချင်ပါသလဲ။

DTTK – ပါတီတာဝန်ရပ်စဲတယ်ဆိုတော့ ဘာတာဝန်လဲပေါ့။ ကျွန်မက ဒဂုံမြို့နယ်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှာ မြို့နယ်အဆင့်အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တယ်လေ။ အဖွဲ့ဝင်ဖြစ်ရခြင်းသည် ဘာလို့ဖြစ်ရလဲဆိုတော့ ကျွန်မတစ်ယောက်တည်းဖြစ်တာမဟုတ်ပဲနဲ့ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေအကုန်လုံးကို သက်ဆိုင်ရာမြို့နယ်တွေမှာ အလုပ်အမှုဆောင်အနေနဲ့ ခန့်အပ် လိုက်တယ်ဆိုတဲ့ စာတစ်စောင်ထုတ်လိုက်ပြီး လူတိုင်းအလိုအလျောက် ဒီနေရာရသွားတာပေါ့။ ကျွန်မအနေနဲ့ကတော့ လွှတ်တော်ထဲရောက်ပြီး တစ်လနှစ်လအတွင်းမှာဖြစ်သွားတာပေါ့။ ၂၀၁၄ တုန်ကစပြီး ပါတီအစည်းအဝေးတွေသွားနေတယ် မြို့နယ်အစည်းအဝေးသွားတယ်။ ဒီနေရာကို ရာထူးလို့ကို မမြင်ဘူးရှင့် ဒီတာဝန်ရှိခြင်းနဲ့မရှိခြင်းက ကျွန်မအတွက်တော့ ဘာမှမထူးပါဘူး။

FWN – ဒေါက်တာမျိုးညွှန့်က ပါတီတွင်းဝေဖန်မယ်ဆိုရင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို လူကိုယ်တိုင် ဖြစ်စေ စာနဲ့ဖြစ်စေ ကန့်ကွက်လို့ရတယ်။ အပြင်မှာပြောဆိုဝေဖန်တာတွေက ပါတီတွင်းစည်းလုံးမှု ပြိုကွဲနိုင်တယ် အဲ့တာကြောင့် အရေးယူတယ်လို့ ပြောပါတယ်။

DTTK – ပါတီစည်းလုံးမှု ပျက်ပြားအောင်တော့ ကျွန်မပြောတာမဟုတ်ပါဘူး။ ပြည်သူလူထုက လည်းနားလည်ပါတယ်။ သူတို့ခံယူတဲ့လူက ဒီလိုအဓိပ္ပါယ်ဖော်တာပေါ့လေ ဒီလိုခံစားရတယ် ဒီလိုအဓိပ္ပါယ်ပေါ်ပြီးပြောတာပေါ့။ ကျွန်မ ပါတီစည်းလုံးညီညွတ်မှုပြိုကွဲအောင် တစ်ခွန်းမှပြောတာ မပါဘူး။ကျွန်မပြောတာတွေက မီဒီယာတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြောခဲ့တာပါ။ ကျွန်မအဲ့ဒီ ရည်ရွယ်ချက်မရှိဘူး။ အဲ့ဒီလိုစွပ်စွဲရလောက်အောင် စကားလုံးလဲမပါပါဘူး။

FWN – ဒီလိုအရေးယူမှုက ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေအပေါ်မှာရော ဘယ်လိုသက် ရောက်မှုတွေရှိနိုင်လဲ။

DTTK – ဘယ်လိုအခြေအနေမျိုးဖြစ်လာမလဲဆိုရင် ပါတီတွင်းမှာတော့ အကြောက်တရားတိုးပွား သွားမှာပေါ့လေ။ ပါတီတွင်းမှာ အကြောက်တရားတိုးပွားသွားပါလိမ့်မယ်။

#ပဉ္စမလှိုင်း

Photo : Thet Thet Khine FB

Leave a Reply