လှည်ကူးမြို့နယ်တွင်တည်ဆောက်မည့် အိမ်ရာစီမံကိန်း လွှတ်တော်သို့ တင်ပြခြင်း မရှိဟုဆို

0
114

ရန်ကုန်၊ဒီဇင်ဘာလ ၂၆ ၊၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ မဲဆန္ဒနယ်ဖြစ်သည့် လှည်းကူးမြို့နယ် ရှိ ဧက ၁၄၀၀ ကျော်ရှိသော မြေနေရာတွင် တည်ဆောက်မည့် Eco Green City အိမ်ရာစီမံကိန်းမှာ လွှတ်တော်သို့ တင်ရမည့် စီမံကိန်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့ကပြောသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်သည့် ပန္နက်တင်မင်္ဂလာနှင့် စီမံကိန်းဆိုင်ရာ ရှင်းလင်းပွဲအား ဒီဇင်ဘာ ၂၃ ရက် တွင် ပြုလုပ်ခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“စီမံကိန်းတွေအားလုံး ဘာစီမံကိန်းတွေဖြစ်ဖြစ် ကျွန်တော်တို့ လွှတ်တော်ကနေ အတည်ပြုမှ ခွင့်ပြုပါတယ်။ အခုကလွှတ်တော်က အတည်မပြုပဲနဲ့လုပ်နေတာတွေတွေ့ရတာပေါ့။ အဲတာလေးတွေက အမှန်တော့ ဘ၀င်တော့မကြဘူးပေါ့။ ကျွန်တော်အမြင်ကတော့ လွှတ်တော်ကိုမတင်ပဲလုပ်ရင် ကျွန်တော်တို့ကို မမှုတာပဲ။ ပုဒ်မ -၂၅၁ အရ စီမံကိန်းဆိုတာ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ယူရမှာပေါ့။ လွှတ်တော်က အတည်ပြုတဲ့ဟာနဲ့ ဆက်စပ်ပြီးလုပ်ဆောင်ရမှာပေါ့။ ဒီလိုဆက်လုပ်နေမယ်ဆိုရင် အစိုးရနဲ့ လွှတ်တော်ဆိုတာ အစိုးရရဲ့ လုပ်ရပ်တွေကပိုပြီးတော့ ပြည်သူလူထုကစောင့်ကြည့်နေတာ” ဟု ဒဂုံမြိုနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကပြောသည်။

အဆိုပါစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Stars Group of Companies တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းတည်နေရာသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး သုံးမိုင်- တစ်ဖာလုံအနီးတွင်ဖြစ်ကြောင်း သိရသည်။

“အဆိုပါစီမံကိန်းအပေါ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်များကို အသိပေးဆွေးနွေ၍ အတည်ပြုထားကြတာ လုံးဝမတွေ့ရပါဘူး”ဟု ဦးကျော်ဇေယျ၏ ဖေ့ဘွတ်စာမျက်နှာတွင် ဇူလှိုင်လ ၂၅ ရက်နေ့က ရေးသားထားသည်။

“စီမံကိန်းတွေကအများပြည်သူနဲ့ သက်ဆိုင်တဲ့အတွက် လွှတ်တော်ကို တင်ရမယ်ဆိုတာ ဥပဒေမှာ ပြဌာန်းထားပြီးသား။ စီမံကိန်းတွေဆိုတာက နေ့ချင်းညချင်းဖြစ်ပေါ်လာတာတွေ တစ်ခုမှမရှိဘူး။ နှစ်အကန့်အသတ်နဲ့ အနည်ဆုံး ၅ နှစ် စီမံကိန်း ၊၁၀ နှစ် စီမံကိန်းဆိုပြီး နှစ် အကန့်အသတ်နဲ့ လုပ်ထားတဲ့သဘောပါပဲ ။ပုဂ္ဂလိကတွေက သူတို့ပိုင်တဲ့မြေပြင်ပေါ်မှာ သူတို့ပိုက်ဆံနဲ့ လုပ်တဲ့စီမံကိန်းဆိုရင် လွှတ်တော်ကိုမတင်တာ ပြသာနာ မရှိပေမဲ့ ။တိုင်းဒေသကြီးအစိုးရကပါဝင်နေတဲ့ စီမံကိန်းမျိုးဆိုရင်တော့ လွှတ်တော်ကိုတင် ပြပြီးမှ လုပ်ဆောင်ရတဲ့ စီမံကိန်းဖြစ်တယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြော သည်။

အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရန် စီမံကိန်းမြေဧရိယာအတွင်း ကျူးကျော် နေထိုင်သည့် အိမ်ခြေ ၄၀၀၀ ကျော်ကို ၂၀၁၇ ခုနှစ် ဇွန် ၁၂ ရက်တွင် ရဲတပ်ဖွဲ့နှင့် အရပ်သား အလုပ်သမားအင်အား နှစ်ထောင်ခန့်ဖြင့် နေအိမ်များကို ရှင်းလင်း ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ယခုစီမံကိန်းသည် အစိုးရအဖွဲ့သစ်၏ ပထမဦးဆုံး တည်ဆောက်မည့် မြို့သစ်စီမံကိန်း တစ်ခုဖြစ်သည်။

ဖြိုးဖြိုး

Leave a Reply