အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားရသည့် နေပြည်တော်စည်ပင်မှ တိရစ္ဆာန်ကုသရေးနှင့်သားသတ်ရုံများဌာနမှူးအား ရုံးထုတ်

0
173

မန္တလေး၊ဒီဇင်ဘာ ၂၆၊၂၀၁၇

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားရသည့် တိရစ္ဆာန်ကုသရေးနှင့်သားသတ်ရုံများဌာနမှူး ဒေါက်တာခိုင်စိုးလှ အား ဒီဇင်ဘာလ ၂၆ ရက်နေ့က ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

ရုံးထုတ်တွင် သက်သေတစ်ဦးဖြစ်သည့် ဒေါက်တာခိုင်စိုးလှကို လာဘ်ငွေပေးခဲ့ရသော ဦးမျိုးခက် ကို စစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂ ရက်နေ့သို့ ထပ်မံရုံးချိန်းခဲ့ကြောင်းသိရသည်။

“ဒီနေ့စစ်ဆေးတာ ကျွန်တော့ကို ဘယ်လိုပေးရတယ် ။ ငွေဘယ်လောက် ပေးရတယ် ဆိုတာမေးတယ်။ ကျွန်တော်လည်း ဖြစ်ကြောင်း အမှန် အကုန်ပြောပါတယ်။ တရားရုံးမှာ စစ်ဆေးတာ ဘာဖိအားမှတော့ မရှိပါဘူး။ သူ့ကို အမြဲတမ်းငွေပေးနေရတယ်” ဟု ဦးမျိုးခက်က ပြောသည်။

တိရစ္ဆာန်ကုသရေးနှင့်သားသတ်ရုံများဌာနမှူး ဒေါက်တာခိုင်စိုးလှ ကို ဝက်အရောင်းအဝယ်သားသတ်လုပ်ငန်းလိုင်စင်ရရှိထားသူနှစ်ဦးက ငွေကြေးတောင်းယူခဲ့သည်ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံသို့ တိုင်ကြားခဲ့သဖြင့် စစ်ဆေးပေါ်ပေါက်သည့်အတွက် အောက်တိုဘာလ (၃၀) ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည် ။ ထို့အပြင် တိရစ္ဆာန်ကုသရေးနှင့်သားသတ်ရုံများဌာနမှူး ဒေါက်တာခိုင်စိုးလှနှင့်အတူ ဈေးများဋ္ဌာနမှူး ဦးမင်းလွင်စိုးကိုလည်း ဖမ်းစီးထားကြောင်း သိရသည်။

“ဈေးနှစ်ဈေးကို မရောင်းရဘူးဆိုပြီးပြောတယ် ။ မြို့တော်ဝန်က ပိတ်တယ်ပြောတယ် ။ကျွန်တော်တို့က စားသုံးသူအဆင်မပြေလို့လား ။ စည်ပင်ကို ငွေမသွင်းလို့လား ။ မေးတော့ ဘာမှ တိတိကျကျမဖြေဘူး ။ သူတို့က ငါတို့လုပ်ပေးမယ်ဆိုပြီး ငွေတောင်းတယ် ။” ဟု လာဘ်ငွေတောင်းခံရသူတစ်ဦးဖြစ်သည့် ဦးဘိုဘိုဟန်က ပြောသည်။

ဒေါက်တာခိုင်စိုးလှသည် ဦးမျိုးခက်ထံမှ ၂၀၁၇ခုနှစ် သြဂုတ်(၁၁)ရက်နေ့က ငွေကျပ်ငါးသိန်း၊ ၂၀၁၇ခုနှစ်၊သြဂုတ်(၁၉)ရက်နေ့က ငွေကျပ်ဆယ်သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ခုနှစ်၊မေလဆန်းပိုင်းက ငွေကျပ်သိန်းလေးဆယ် တို့ကို ရယူခဲ့ခြင်းသည် နိုင်ငံ့ဝန်ထမ်းလုပ်ပိုင်ခွင့်ရှိသူ အနေဖြင့် လုပ်ပိုင်ခွင့် အာဏာကိုအလွဲသုံးစာပြုကာ ငွေကြေးရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရအမှုဖွင့်ပြီး မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ ရာဇ၀တ်ကြီး အမှုအမှတ်-၆၊ ၇တို့ဖြင့်အမှုစွဲတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နိုင်လင်းဦး

Leave a Reply