စက်​သုံးဆီများတွင်​ ချက်​ဆီများ ​ရော​နှောမှု ရှိမရှိစစ်​​ဆေးသွားမည်

0
246

စက်​တင်​ဘာလ ၅
နိုင်လင်းဦး

မန္တ​လေးတိုင်း​ဒေသကြီး အတွင်းရှိ စက်​သုံးဆီ အ​ရောင်းဆိုင်​များနှင့်​ မန္တ​လေးမြို့ ​ရွှေကြက်​ယက်​ဆိပ်​ကမ်းတွင်​ဆိုက်​ကပ်​​နေ​သော စက်​သုံးဆီ တွဲများတွင်​ ချက်​ဆီများ​ရော​နှောမှု ရှိမရှိ စစ်​​ဆေးသွားမည်​ဖြစ်​​ကြောင်း မန္တလေးတိုင်း​ဒေသကြီး စက်​သုံးဆီ ​တင်သွင်းရောင်းချဖြန့်​ဖြူး​ရေးအသင်း က သိရသည်​။

ပြည်​ပမှတင်​သွင်းလာသည့်​ စက်​သုံးဆီများသည်​ စနစ်​တကျ ဓာတ်​ခွဲစမ်းသပ်​ထားခြင်းဖြစ်​ကာ (၆) လ နီးပါးကြာမှသာ အ​ရောင်​​ပြောင်းလဲနိုင်​​သော်​လည်း ချက်​ဆီများသည်​ တစ်​ပတ်​ခန့် အကြာတွင်​ အရောင်​​ပြောင်းသွားကြောင်း သိရသည် ။

“စက်သုံးဆီတွေမှာ ချက်ဆီတွေ ရောတယ်ဆိုပြီး သတင်းထွက်နေလို့ စစ်ဆေးတာတွေ လုပ်သွားမှာပါ ။ စစ်​​ဆေး​ခိုက်လို့ ရောတာတွေ့ရင်​ မန္တ​လေးတိုင်းဒေသကြီး စက်​သုံးဆီ တင်သွင်းရောင်းချဖြန့်​ဖြူး​ရေး အသင်းနဲ့ မြန်​မာနိုင်​ငံစက်​သုံးဆီ အသင်းတို့ ပူးပေါင်းလုပ်မယ် ။ ဓာတ်ခွဲစစ်ဆေးဖို့ မြန်မာနိုင်ငံစက်သုံးဆီ အသင်းမှာ လုပ်မယ် ။ ” ဟု မန္တလေးတိုင်း​ဒေသကြီး စက်​သုံးဆီ ​တင်သွင်းရောင်းချဖြန့်​ဖြူး​ရေးအသင်း ဥက္ကဋ္ဌ ဦးသက်​​ဝေ က​ ပြောသည်​။

စက်သုံးဆီများတွင် ချက်ဆီရောနှောမှုတွေ့ရှိပါက နေပြည်တော်သို့ တင်ပြသွားမည်ဖြစ်ပြီး အရေးယူများကို အစိုးရဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းက ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

”ပြည်တွင်းမှာ အဓိကကတော့ မကွေးတိုင်းဘက်မှာ ရေနံစိမ်းက ထွက်နေတာ ။ စစ်ကိုင်းမှာ ချက်ပြီး ဘယ်တွေသွားနေလဲ တိတိကျကျမသိရဘူး ။ ဆီဈေးတက်နေတဲ့အချိန်မှာ အရောအနှော လုပ်မှာစိုးရိမ်ရတယ် ။ စက်သုံးဆီမှာ အရောပါရင် အင်ဂျင်လည်း ထိခိုက်တယ်” ဟု ဦးသက်ဝေ က ဆက်လက်ပြောသည်။

ပြည်​ပမှတင်​သွင်းလာသည့်​ ပုံမှန်​စက်​သုံးဆီအ​ရောင်​သည်​ အစိမ်းနု၊ အစိမ်းဝါ အရောင်များဖြစ်​ပြီး ချက်​ဆီ​ရော​နှော ထား​သောဆီများမှာ အဝါ​ရောင်​ ၊အဝါရင့်​​ရောင်​သို့ ​ပြောင်းလဲသွား​ကြောင်းသိရသည်​။

မန္တ​လေး တိုင်း​ဒေသကြီးအတွင်း စက်​သုံးဆီ ပန့်​ဆိုင်​​ပေါင်း ၅၇၀ ​ကျော်​ရှိ​ပြီး ရေသန့်ဘူးများဖြင့် လက်လီခွဲရောင်းသည့် လမ်းဘေးဆိုင်ပေါင်းများစွာရှိသည်။

Leave a Reply