ကုန်စိမ်းဈေးကွက် လက်ကားဈေးကျဆင်း၊ လက်လီဈေးမြင့်တက်နေ

0
262

လက်လီဈေးနှုန်းမြင့်တက်နေခြင်းသည် အခြေခံလူတန်းစားများအတွက် အခက်အခဲများဖြစ်ပေါ်စေသည်။

စက်​တင်​ဘာ ၅
ဝေဝေဖြိုး

အခြေခံစားသောက်ကုန်ကဏ္ဍရှိ ကုန်စိမ်းရောင်းဝယ်ရေး ဈေးကွက်အတွင်း လက်​ကားဈေးနှုန်းများ ကျဆင်းနေသော်လည်း လက်လီဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း ကုန်စိမ်းရောင်း ဝယ်ရေး ဈေးကွက်မှ သိရသည်။

လက်ရှိတွင် လက်​ကားဈေးကွက်​၌ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၆၀၀ ကျပ်၊ ချဉ်ပေါင်တစ်စည်းလျှင် ၅၀ ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် ၂၀၀ ကျပ်နှင့်​ ခရမ်းသီး တစ်တောင့်လျှင် ၅၀ ကျပ်ရှိပြီး လက်​လီ ဈေးကွက်​တွင်​ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ ချဉ်ပေါင်တစ်စည်းလျှင် ၂၀၀ ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် ၅၀၀ ကျပ်​နှင့်​ ခရမ်းသီး တစ်တောင့်လျှင်၁၅၀ ကျပ် စသည်ဖြင့် ရှိကြောင်း တညင်းကုန်းလက်​ကားဈေးကွက်မှ သိရသည်။

“လက်​ကားဈေးက ဒီမှာ ပိုးဆိုးပိုးစက်​ကျနေတယ်​။၁၀မျိုးဆိုရင်​ ၇မျိုး ၈မျိုးလောက်​က အရောင်းအေးတဲ့အခါကျတော့ မိုးရွာတာရော အရောင်းအဝယ်​ရော စီးပွားရေးအနေအထားကရော အကုန်​အေးတဲ့အခါကျတော့ ဈေးတွေကကျတယ်​။ တချို့ကုန်​စိမ်းတွေဆို ထက်​ဝက်​လောက်​ကို ကျတာ ၊ကုန်​စိမ်းဆိုတာက ကြာရှည်​လှောင်​ထားလို့မရတော့ နောက်​နေ့မကုန်​ရင်​ လွှင့်​ပြစ်​လိုက်​ရတာဆိုတော အရောင်းအဝယ်​တွေက မကောင်းတော့ ရောင်းရတဲ့ဈေးနဲ့အဆင်​ပြေသလို အကုန်​ထိုးရောင်းရတာဆိုတော့ ဈေးတွေလဲ အကုန်​ကျကုန်​တာပါ။”ဟု သီရိမင်္ဂလာဈေးရှိ နဂါးညီနောင် ကုန်စိမ်းရောင်းဝယ်ရေးဒိုင်မှ ကိုမြမိုးက ပြောသည်။

သြဂုတ်​လနှင့်​ယှဉ်​ပါက ယခုလတွင်​ ကုန်​စိမ်းဈေးနှုန်းများ ထက်​ဝက်​ခန့်​ ကျဆင်းလာခဲ့ပြီး ယင်းကဲ့သို့ ကျဆင်းလာရ ခြင်းမှာ ဈေးကွက်​အတွင်းသို့ ဝင်​ရောက်​သည့်​ ကုန်​စိမ်း​များမှာ လိုအပ်​ချက်​ထက်​ ပိုမိုဝင်​ရောက်​လာကာ အရောင်းအဝယ်​ နည်းပါးသောကြောင့်​ ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းဖြစ်​သည်​ဟုဆိုသည်​။

မြန်မာနိုင်ငံ၌ ဒေါ်လာဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ခြင်းကြောင့် ပြည်​ပမှတင်​သွင်းရသော ဆေးဝါးများ၊စက်​သုံးဆီဈေးများ အပါအဝင်​ အခြားသော ကုန်ပစ္စည်းများပါ မြင့်​တက်​ခဲ့ပြီး အခြေခံစားသောက် ကုန်ဈေးနှုန်းများဖြစ်​သည့်​ ဆန်​ဈေးနှုန်းများ နှင့်​ စားသောက်​ကုန်​ ကုန်​စိမ်းနှုန်းများလည်း မြင့်တက်လာခဲ့သည့်အတွက် ပြည်သူများအနေဖြင့် ဈေးဝယ်ယူရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“အခုဆို ဈေးသွားရမှာတောင်​ကြောက်​နေပြီ ၊ကုန်​ဈေးနှုန်းတွေက တစ်​နေ့ထက်​ တစ်​နေ့ပိုတက်​တက်​လာတယ်​။ တစ်နေ့တစ်နေ့ ဈေးဝယ်ရတာ အကျမရှိဘူး။အတက်​ကြီးပဲ ဆိုတော့ ကြာရင်​ မလွယ်​ဘူး။ တကယ်​ခံရတာက အောက်​ခြေက ပြည်​သူတွေပဲ ခံရတာ”ဟု မြောက်ဒဂုံမြို့နယ်တွင်နေထိုင်သူ ဒေါ်အမာကြည်​ကပြောသည်​။

စက်​တင်​ဘာလ ၅ ရက်​က နိုင်​ငံခြားငွေလဲလှယ်​နှုန်းမှာ ဝယ်ဈေးတစ်ဒေါ်လာလျှင် ၁၅၂၀ ကျပ်နှင့်​ ရောင်းဈေး တစ်ဒေါ်လာလျှင် ၁၅၄၅ ကျပ်​အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နိုင်​ငံခြား ငွေကြေးဈေးကွက်​မှ သိရသည်​။

Leave a Reply