ဂျပန်ငလျင်ကြောင့် လူ ၃၀ ကျော်ပျောက်ဆုံးနေ

0
195

စက်တင်ဘာ ၆
နိုင်ငံတကာသတင်း

ဂျပန်နိုင်ငံ မြောက်ဘက်စွန်းပိုင်းက ဟော့ကိုင်းဒိုးကျွန်းပေါ်မှာ လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် လူ ၂ ဦးသေဆုံးပြီး ၇ ဦးစိုးရိမ်ရတဲ့အပြင် နောက်ထပ် အယောက် ၃၀ ကျော် ပျောက်ဆုံးနေပါတယ်။

ငလျင်ကြောင့် မြေပြိုမှုတွေဖြစ်ခဲ့ပြီး အပျက်အစီးအများခဲ့သလို ကျွန်းတစ်ခုလုံးမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။ ဒါ့ပြင် ကျွန်းရဲ့နေရာတော်တော်များများမှာ ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်မိန့်ထုတ်ပြန်ထားပါတယ်။

ငလျင်ငဟာ ကျွန်းရဲ့အနောက်ဘက်ပိုင်းကို ဒီကနေ့မနက် ဒေသစံတော်ချိန် ၃ နာရီမှာ လှုပ်ခတ်ခဲ့တာပါ။ ငလျင်ပြင်းအားဟာ ၆.၇ မဂ္ဂနီကျု့ရှိတယ်လို့ အစောပိုင်းမှာ ခန့်မှန်းထားပေမဲ့ အမှန်တကယ်ပြင်းအားဟာ ၇ မဂ္ဂနီကျု့နီးပါးရှိတယ်လို့ တိုင်းတာမိကြောင်း ဂျပန်မိုးလေ၀သဌာနက မကြာသေးခင်တုန်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် ငလျင်ကြီးလှုပ်ပြီးကတည်းက နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်လက်လှုတ်ခတ်နေတုန်းလို့ ဌာနက ပြောပါတယ်။

ငလျင်ဗဟိုချက်နဲ့နီးတဲ့ အာဆုမမြို့မှာ နေအိမ်တွေအပေါ် မြေတွေပြိုကျခဲ့ပြီး ပျောက်ဆုံးနေသူတွေအားလုံးဟာ အဲဒီမြို့ကဖြစ်ပါတယ်။

လက်ရှိမှာ ရဟတ်ယာဉ်တွေသုံးပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ ဒေသခံတွေကတော့ နောက်ဆက်တွဲငလျင်တွေ ပြင်းအားဟာ တစ်ခါမှ မခံစားဖူးသလောက်ကို ပြင်းတယ်ဆိုပြီးပြောထားတယ်လို့ အန်အိတ်ခ်ျခေ သတင်းမှာဖော်ပြပါတယ်။

တစ်ချိန်တည်းမှာပဲ ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကို ဟော့ကိုင်းဒိုးကျွန်းကို ဖြန့်ကြက်သွားမယ်လို့ ပြောထားပါတယ်။

ငလျင်အလွန်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဖြန့်ကြက်ထားတဲ့ ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို ၄,၀၀၀ ထားရှိထားရာကနေ ၂၅,၀၀၀ အထိ တိုးမြှင့်သွားမယ်လို့ ၀န်ကြီးချုပ်က ပြောထားပါတယ်။

ဒါ့ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အစိုးရအဖွဲ့ဝင်များအစည်းအဝေးကို ၀န်ကြီးချုပ်ရုံးမှာ ပြုလုပ်ခဲ့ပြီးတဲ့နောက် အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

ငလျင်ကြောင့် ဟော့ကိုင်းဒိုးကျွန်းတစ်လျှောက် ပို့ဆောင်ဆက်သွယ်ရေးစနစ်တွေ အစီအကျဖြစ်ခဲ့ရပါတယ်။ ကျွန်းပေါ်က နယူး ချီတိုဆေး လေဆိပ်ရဲ့ လေယာဉ်အတက်အဆင်းအားလုံးကို လေကြောင်းအာဏာပိုင်တွေက ဖျက်သိမ်းလိုက်ပါတယ်။

ဘေးကင်းတယ်ဆိုတာနဲ့ လေယာဉ်ပျံသန်းမှုတွေ ပြန်စတင်နိုင်အောင် လေဆိပ်လုပ်သားတွေဟာ ပြေးလမ်းတွေကို စစ်ဆေးနေပြီလို့လည်း အန်အိတ်ခ်ျခေ သတင်းကဆိုပါတယ်။

ရှင်ဆန်ကန် ကျည်ဆန်ရထားဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားခဲ့ပေမဲ့ ဒေသတွင်း ပြေးဆွဲတဲ့ရထားတွေကိုတော့ ရပ်နားထားပါတယ်။

လမ်းတွေ ချိုင့်ပြီး အက်နေတာကြောင့် ယာဉ်တွေ အများစုသွားလာဖို့ ခက်ခဲနေပါတယ်။ အများပြည်သူသုံးဘတ်စ်ကားဝန်ဆောင်မှုတွေ ပိတ်ထားပြီး အဝေးပြေး လမ်းမတွေကိုလည်း ပိတ်ထားပါတယ်။ ကျောင်းတွေကိုလည်း ဒီနေ့တစ်နေ့လုံး ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ဒါ့ပြင် နောက်ဆက်တွဲ ငလျင်တွေ လုပ်လာနိုင်သေးတယ်လို့ ဂျပန်မိုးလေ၀သဌာနက သတိပေးချက်ထုတ်ပြန်ထားတာကြောင့် ဟော့ကိုင်းဒိုး ဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်မျှဝေရေးဌာနဟာအချိန်နဲ့တပြေးညီထုတ်ပြန်တဲ့သတိပေးချက်တွေကို ဟော့ကိုင်းဒိုးကျွန်းမှာရှိတဲ့နိုင်ငံခြားသားတွေ သိရှိနိုင်ဖို့ အင်္ဂလိပ်၊ တရုတ်နဲ့ ကိုရီးယားဘာသာတွေနဲ့ သတင်းရယူမေးမြန်းနိုင်တဲ့ ဖုန်းလိုင်းတွေကို ထားရှိထားပါတယ်။

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးတဲ့ပမာဏကို အာဏာပိုင်တွေက သိရှိအောင် ကြိုးပမ်းနေတုန်းဖြစ်ပါတယ်။

ကိုဇေယျာ
#ပဉ္စမလှိုင်း

Leave a Reply