“အလကားနေရင်း အတိုက်အခံမလုပ်ဘူး” လို့ ဆိုလာတဲ့ ပြည်ခိုင်ဖြိုးပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့် The Fifth Wave News တို့ ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြပေးလိုက်ပါတယ်

0
220

မေး – လက်ရှိအစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ – လက်ရှိအစိုးရကိုတော့ သိပ်မဝေဖန်ချင်ဘူး။ ပြည်သူတွေ ဆုံးဖြတ်တာ ပိုကောင်းပါတယ်။ ပြည်သူတွေ ထောက်ပြတာ ပိုကောင်းပါတယ်။ အများကြီးရှိပါတယ်။ စီးပွားရေးပိုင်းဆိုင်ရာတွေ၊ နိုင်ငံတော် လုံခြုံရေးပိုင်းတွေပေါ့။ ကျွန်တော်တို့ပါတီက အစိုးရသက်တမ်း ငါးနှစ်လုပ်ခဲ့တယ်။ ကျွန်တော်တို့လုပ်ခဲ့တဲ့ ငါးနှစ်မှာ အားနည်းချက်၊ အားသာချက်တွေရှိခဲ့တယ်။ ကျွန်တော်တို့ အားနည်းချက်တွေကို ပြုပြင်ပြီးတော့ ကိုယ့်ကို ပြည်သူက ပြန်ပြီးတာဝန်ပေးလို့ရှိရင် အဲဒီအားနည်းချက်မျိုး မဖြစ်တော့အောင် ပြင်ဆင်ပြီးတော့မှ ဒီထက်ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်အောင် လုပ်နေတယ်၊ သွားနေတယ်ဆိုတော့ လက်ရှိ လွှတ်တော်နဲ့ အစိုးရပိုင်းကို ဝေဖန်ထောက်ပြတဲ့ အပိုင်းတွေရှိတယ်။ ဝေဖန်ထောက်ပြတာလည်း အပြုသဘောနဲ့ ဝေဖန်ထောက်ပြတာ။ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ ကျွန်တော်တို့က တိုင်းပြည်နဲ့လူမျိုး ကောင်းဖို့အတွက်ဆို စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ သွားမယ်။ အားနည်းချက်ဆိုရင်လည်း အပြုသဘောနဲ့ ဝေဖန်ထောက်ပြမယ်။ အဲဒီလိုတွေဆိုတော့ ကိုယ်တွေလုပ်ခဲ့တုန်းက ကောင်းပါတယ်။ သူတို့လုပ်တာတော့ မကောင်းပါဘူးဆိုသလို ဖြစ်နေမယ်။ ကျွန်တော်တို့က စေတနာနဲ့ပြောနေပေမယ့် မကောင်းမြင်ဝါဒနဲ့ပြောသလို ဖြစ်နေမယ်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်သလိုဖြစ်နေမယ်။ အစိုးရကို တိုက်ခိုက်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေမယ်။ ဒါပေမယ့် ဒို့တာဝန်အရေးသုံးပါးနဲ့ ပတ်သက်လာရင်တော့ ပြတ်ပြတ်သားသားပြောမှာ။

မေး – ရွေးကောက်ပွဲကော်မရှင်ကိုရော ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ – ဒီကိစ္စက ကျွန်တော်မီဒီယာတွေကို တော်တော်များများပြောတယ်။ လက်ရှိနောက်ဆုံးအချိန်ထိ လူကြီးတွေနဲ့ သွားတွေ့ဆုံတဲ့အချိန်ထိ ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ လက်ရှိအချိန်မှာတော့ ယုံကြည်မှု မရှိသေးဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာတော့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်ဆံရေးက ချောမွေ့ဖို့ လိုတယ်။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုတည်ဆောက်ထားဖို့ လိုတယ်။ နောက်ပိုင်းကိစ္စတွေမှာ နှစ်ဖက်ယုံကြည် တည်ဆောက်သွားကြဖို့။ ပူးပေါင်းဆောင်ရွက်သွားကြဖို့လိုတယ်။ ဒါမျိုးလေးတွေ ဝေဖန်ထောက်ပြထားတာလေးတွေ ရှိတယ်။ လက်ရှိ နောက်ဆုံးအခြေအနေအထိက ယုံကြည်လို့ မရသေးဘူး။ သို့သော်နောက်ပိုင်း ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတွေရဲ့ ရလာဒ်ပေါ် မူတည်ပြီးတော့မှ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီကော်မရှင်က မျှတမှုရှိ မရှိဆိုတာကို ပြောလို့ရမှာ။

မေး – အတိုက်အခံလုပ်ရမယ့် ပြည်ခိုင်ဖြိုးပါတီက အတိုက်အခံ မလုပ်တတ်ဘူးလို့ပြောနေတာတွေ ရှိတယ်။ အဲဒါကိုရော ဘာများပြောချင်ပါသလဲ။

ဖြေ – အမြင်တွေကတော့ တူမှာမဟုတ်ပါဘူး။ အတိုက်အခံလို့ သုံးနှုန်းတာကိုက စကားလုံးက တစ်မျိုးကြီးဖြစ်နေတယ်။ ကျွန်တော်တို့ အစိုးရလုပ်ခဲ့တယ်။ ကျွန်တော်တို့ အစိုးရလုပ်တုန်းက ဘာလုပ်လုပ် ကန့်လန့်တိုက်မယ်ဆိုတဲ့အမြင်နဲ့ အရင်တုန်းက အတိုက်အခံလုပ်ခဲ့ကြတယ်။ ကောင်းတာပဲလုပ်လုပ် အမှားပဲဖြစ်ဖြစ် ဘာလုပ်လုပ် ကန့်လန့်တိုက်နေတယ်။ ကန့်လန့်တိုက်နေတဲ့ ဒဏ်ကို ဘယ်သူက ခံရသလဲဆို ပြည်သူလူထုက ခံရတာ။အစိုးရက ကောင်းရာမွန်ရာလုပ်ဖို့ မူဝါဒတွေ ရေးဆွဲတယ်။ လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်တယ်။ ဒါပေမယ့် ကိုယ်နဲ့အမြင်မတူဘူးဆို ရန်သူလိုသဘောထားပြီး လမ်းပေါ်ထွက် ဆန္ဒတွေပြ အတိုက်အခံတွေလုပ်။ ကန့်ကွက်ရှုံချနေတာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်မဖော်လိုက်နိုင်ဘူး။ တချို့ဟာတွေဆို လုပ်ငန်းစဉ်တွေ မပြီးပြတ်သွားဘူးပေါ့။ ပြည်သူလူထုရဲ့ အရေးကြီးတဲ့လုပ်ငန်းစဉ်တွေကိုပါ ကိုယ်နဲ့ဆန့်ကျင်ဖက်လိုက်လုပ်တာ ဖြစ်တဲ့အတွက် ဒီဒဏ်ကို ပြည်သူတွေခံရတာကို ကျွန်တော်တို့က လက်တွေ့ လုပ်လာရပြီးပြီ။ ကြုံခဲ့ပြီးပြီဆိုတော့ ကျွန်တော်တို့လုပ်တဲ့ အတိုက်အခံက အပြုသဘော အတိုက်အခံပဲ။ ဒို့တာဝန်အရေးသုံးပါးကို ကျွန်တော်တို့ရဲ့နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ကျွန်တော်တို့ ပြည်ထောင်စုထဲက ခွဲထွက်မယ့် ကိစ္စ၊ တိုင်းဒေသကြီးတွေ ခွဲထွက်မယ့် ကိစ္စမျိုးတွေ ပြည်သူလူထု အချင်းချင်း သတ်ဖြတ်ပြီး သွေးချောင်းစီးကြမယ့် ကိစ္စမျိုးတွေကိုတော့ ပြတ်ပြတ်သားသား အတိုက်အခံလုပ်သွားမှာပေါ့။ ဒီကြားထဲမှာတော့ ကိုယ်ပါတီက မဟုတ်တဲ့အစိုးရကို ဘာလုပ်လုပ် အတိုက်အခံလုပ်မယ် ဆိုရင်တော့ ကြားထဲက ပြည်သူပဲနာမှာလေ။ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးရှိတယ်ဆိုရင် အတိုက်အခံဘာမှမလုပ်ဘူး။ ခုက နိုင်ငံတော်ကို ထိခိုက်လာမယ် ဆိုရင်တော့ ပြတ်ပြတ်သားသားနဲ့ အတိုက်အခံလုပ်တယ်။ အလကားနေရင်း အတိုက်အခံ မလုပ်ဘူး။ ပြည်သူလူထုအတွက်ပဲ အတိုက်အခံလုပ်တယ်။ ဒီကာလမှာ ကိုယ့်ပါတီကို အကောင်းဆုံးစုဖွဲ့တယ်။ ပြင်ဆင်တယ်။ တည်ဆောက်တယ်။ ပြည်သူတွေယုံကြည်လာအောင် တည်ဆောက်မယ်။ ပြည်သူတွေယုံကြည်လာအောင် ကြိုးစားမယ်။ ကိုယ့်ကိုယုံကြည်လို့ အစိုးရဖြစ်လာခဲ့ရင်လည်း ပြည်သူတွေမျှော်လင့်ချက် ကို အပြည့်အဝဆုံး အကောင်အထည်ဖော်ပေးနိုင်အောင် အကောင်းဆုံး ကြိုးစားပြင်ဆင်နေတယ်။

မေး – ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘယ်လောက်ထိ မျှော်လင့်ထားလဲ။

ဖြေ – ကျွန်တော်တို့ကတော့ အကောင်းဆုံးမျှော်လင့်ထားတယ်။ အဆုံးဖြတ်ပေးမှာ ပြည်သူတွေဖြစ်တယ်။ ပြည်သူတွေ လက်ခံယုံကြည်လာအောင် ကျွန်တော်တို့ရဲ့အမှားတွေ အားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ တည်ဆောက်နေတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေတယ်။ လက်ရှိအစိုးရကိုလည်း ပြည်သူတွေ အခက်အခဲဖြစ်မယ့်ဟာတွေဆို ထောက်ပြတယ်။ အကောင်းဆုံး ပြင်ဆင်ထားတယ်။ ပြည်သူတွေယုံကြည်လို့တာဝန်ပေးလာရင်လည်း ရှေ့က အစိုးရတွေထက် ပိုကောင်းအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ စီမံကိန်းတွေနဲ့သွားနေတယ်။ ကျွန်တော်တို့ နိုင်ခြင်း မနိုင်ခြင်းက ပြည်သူတွေရဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်။ အဲဒါကြောင့်လည်း ပြင်ဆင်ထားတယ်။ ပြည်သူတွေယုံကြည်လာအောင် ကြိုးစားနေတယ်။

မေး – နောက်ဆုံးအနေနဲ့ လက်ရှိအစိုးရကို ဘာများပြောချင်ပါသလဲ။

ဖြေ – မရှိပါဘူး။

မေးမြန်းတင်ဆက်သူ သျှင်ရဲထွဋ်

Leave a Reply