အမျိုးသားရေးတက်ကြွလှုပ်ရှားသည့် သံဃာ (၆)ပါးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လ ချမှတ်

0
122

မန္တလေး၊ဒီဇင်ဘာ ၂၇၊၂၀၁၇

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ် ၊ကျွန်းလုံးဥသျှောင်ရပ်ကွက် ၊သာသနာ ၂၅၀၀ ဗိမ္မာန်တွင် အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့သောကြောင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသည့် သံဃာ (၆) ပါးကို ဒီဇင်ဘာလ ၂၇ ရက်နေ့ က ချမ်းမြသာစည်မြို့နယ် တရားရုံးတရားသူကြီး မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လ ကျခံရန်အမိန့်ချခဲ့သည်။

ယင်းအမှုကို ရုံးချိန်းပေါင်း (၂၀) ချိန်းဆိုစစ်ဆေးခဲ့ပြီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကာ ပြစ်ဒဏ်နှင့်ပတ်သတ်၍ အထက်ရုံးအဆင့်ဆင့်ကို အမိန့်ပယ်ဖျက်ရန် အယူခံထပ်တက်သွားမည်ဖြစ်ကြောင်း သံဃာတော်များဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေထံ က သိရသည်။

“ဒီပြစ်ဒဏ်က များပါတယ် ။ အင်မတန်မှ ဝမ်းနည်းမိတဲ့ ကိစ္စတစ်ခုရှိတယ် ။ ဒါက တိုင်းပြည်ရဲ့ အနောက်ခြမ်းမှာ ခြိမ်းချောက်သွားတဲ့သူတွေကိုတောင် ပြန်ကြိုဆိုသေးတာပဲ ခုလိုအယူအဆမတူတဲ့ အချက်အပေါ်မှာ တရားစွဲဆိုပြီး တရားရုံးတင်တာမဖြစ်သင့်ဘူး ။ တကယ်ဆို ညှိနှိုင်းမှုတွေ လုပ်ဆောင်ရမယ် ။” ဟု တရားခံဘက်မှ လိုက်ပါဆောင်ရွက်သည့် သံဃာတော်များဘက်မှ လိုက်ပါဆောင်ရွက်သည့် အထက်တန်းရှေ့နေ ဦးအောင်ရဲစိုး က ပြောသည်။

အမိန့်ချအပြီးတွင် သံဃာတော်များအား လာရောက်ဝန်းရံသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသည့် ဆရာတော်များ နှင့် လူပုဂ္ဂိုလ်များက NLD အစိုးရ ကျဆုံးပါစေ ၊ သာသနာဖျက်အစိုးရ ကျဆုံးပါစေ ဟူသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။

“ဥပဒေအထက်မှာ NLD အစိုးရရှိနေတယ်ဆိုတာ ကျုပ်တို့ အမျိုးသားရေး သမားတွေသိတယ် ။ ဘယ်လောက်ပဲဖိနှိတ်နေပါစေ ထောင်ကလွတ်လာတဲ့အချိန်မှာ အမျိုးသားရေးအတွက် ပြန်ဆောင်ရွက်သွားမယ် ။” ဟု တောင်သာလေးဆရာတော် ဦးအဂ္ဂဓဇ က ပြောသည်။

သပိတ်စခန်းမှာပါဝင်သည့် သံဃာ (၈) ပါးကို မန္တလေးခရိုင် သာသနာရေးဦးစီးဋ္ဌာနက ၅၀၅(ခ) ဖြင့် တရားစွဲဆိုခဲ့ရာ သံဃာ(၆) ပါးကိုသာ ဖမ်းစီးရမိထားပြီး (၂) ပါးမှာ ထွက်ပြေးလွတ်မြောက်နေသည့်အတွက် တရားရုံးလုပ်ထုံးလုပ်နည်းအရ ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျန်တဲ့ သံဃာ (၂) ပါးနဲ့ပတ်သတ်လို့တော့ တရားလိုပြသက်သေတွေကို စစ်ဆေးပြီးတဲ့အချိန်မှာ တရားရုံးကနေ ကျင့်ထုံးဥပဒေပုဒ်မ (၈၇) အရ သက်မှတ်ထားတဲ့ အချိန် သက်မှတ်ထားတဲ့ နေရာမှာ ရောက်ရှိရမယ်ဆိုပြီး ထုတ်ပြန်ကြေငြာခြင်းလုပ်ရမယ် ။ ဒါက ရက်ပေါင်း ၃၀ အတွင်းလုပ်ရမယ် ။ နောက်ပြီး ကျင့်ထုံးဥပဒေပုဒ်မ (၈၈) အရ သူတို့တွေပိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ဝရန်းကပ်ရမယ် ။” ဟု ချမ်းမြသာစည်မြို့နယ် တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်း က ပြောသည်။

ထို့အပြင် ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက တရားလိုပြုလုပ်ပြီး သပိတ်စခန်းမှာပါဝင်သည့် လူပုဂ္ဂိုလ် (၅) ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ကာ (၄) ဦးမှာ လွတ်မြောက်နေပြီး ယင်းအမှုမှာ လက်ရှိအချိန်ထိ စစ်ဆေးစဲဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply