ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး အမှု ပထမဆုံးရုံးထုတ် လာမည့် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ထပ်မံရုံးထုတ်မည် 

0
156

ရန်ကုန်၊ဒီဇင်ဘာ ၂၇၊ ၂၀၁၇

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်း ဌာနမှ သတင်းထောက်နှစ်ဦး အမှုကို လာမည့် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ထပ်မံရမန်ယူခဲ့ကြောင်း ယင်းအမှု၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ့ ဦးသန်းဇော်အောင်ကပြောသည်။

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်း ဌာနမှ ကိုဝလုံး (ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ဖမ်းဆီးခံရပြီး ၁၅ ရက်မြောက်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပထမဆုံးရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

“မနက်ကရုံးထုတ်တာပါပဲ။မြို့နယ်တရားသူကြီးဆီမှာရမန်ယူတယ်။ ရမန်က ဇန်န၀ါရီလ ၁၀ ရက်နေ့ပါ။ ဖမ်းဆီးခံနေရတဲ့အချိန်အတွင်းမှာ ရိုက်နှက်စစ်ဆေးခံရတာမျိုးမရှိပါဘူး” ဟု ဦးသန်းဇော်အောင်ကပြောသည်။

အဆိုပါသတင်းထောက်နှစ်ဦးထံတွင် မောင်တောမြို့နယ်ရှိ လုံခြုံရေး ရဲတပ်ဖွဲ့၏ အစီရင်ခံစာမိတ္တူတချို့တွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံတော် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ပြီးခဲ့ သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းတွင် ရခိုင်မြောက်ပိုင်း လုံခြုံရေးဆောင်ရွက်ချက်များ အပါအဝင် ၎င်းဒေသတွင်းဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ လျှို့ဝှက်ချက်များကို ပြင်ပသို့ ပေါက်ကြားစေရန် ရည်ရွယ်သည်ဟု ဆိုကာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား ထောက်ကြန့်နယ်မြေ ရဲစခန်းမှ (ပ) ၁၂၉၈/ ၂၀၁၇၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု နိုင်ငံပိုင် သတင်းမီဒီယာများမှတဆင့် အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

သတင်းထောက် ၂ ဦးအပြင် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုတိယရဲမှူး မိုးရန်နိုင် နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦး ကိုလည်း ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မအရ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေများ အရထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖြိုးဖြိုး

Leave a Reply