ဗုံးပေါက်ကွဲမှုဖြစ် လူလေးဦး စိုးရိမ်ရသည့် ဒဏ်ရာများရရှိ

0
187

မန္တလေး ၊ဒီဇင်ဘာ ၂၇ ၊ ၂၀၁၇

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စု၊ အုမ္မသီးရွာရှိ မြင်သာစိုက်ပျိုးရေးခြံအနီးတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ည ၁၁ နာရီကျော်အချိန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူလေးဦး စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများမှာ အုမ္မသီးကျေးရွာမှ ဒေသခံများဖြစ်ပြီး မောင်ဂမ်အောင် (၂၂) နှစ်မှာ စိုးရိမ်ရသည့် ဦးနောက်စေ့ပေါက်ပြဲဒဏ်ရာ နှစ်ချက် ၊ တီခွန်တောင် (၂၂) နှစ် မှာ စိုးရိမ်ရသည့် နောက်စေ့ ၊ ယာတင်ပါး ၊ ယာခါး ပေါက်ပြဲဒဏ်ရာများ ၊ တီဇောင်းလွဏ်း (၁၈) နှစ်မှာ စိုးရိမ်ရသည့် ဝဲနားထင် ၊ ခြေသလုံး ၊ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာများ ၊ ရိမ်အောင်ရွန်း (၂၀) နှစ်မှာ စိုးရိမ်ရသည့် ကျောကုန်း ၊ ခါး ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးက သိရသည်။

“လက်ရှိတော့ စုံစမ်းဆဲပဲ ။ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ ဘာမှ မသိရသေးဘူး ။ ဒဏ်ရာရတဲ့ သူတွေက အကုန် ကချင်တိုင်းရင်းသားတွေပဲ ။ စိုးရိမ်ရတဲ့ ဒဏ်ရာတွေရပေမယ့် ဘယ်သူမှတော့ အသက်ဆုံးရှုံးတာ မရှိဘူး ။” ဟု နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွေးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် လူနာများကို ပြင်ဦးလွင်ဆေးရုံသို့ ညတွင်းချင်းလွှဲပေးလိုက်ပြီး ခွဲစိတ်ကုသဆောင်များတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply