ဆက်ကြေးကောက်၊ လူသစ်စုဆောင်းခြင်း လုပ်ဆောင်နေသည့် RCSSတပ်ဖွဲ့ဝင် ၆ဦးအားဖမ်းဆီးခဲ့ကြောင်း တပ်မတော်ထုတ်ပြန် 

0
207

ရန်ကုန် ၊ဒီဇင်ဘာ ၂၇ – ၂၀၁၇

ဆက်ကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းလုပ်ဆောင်နေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင် ၆ဦးကို ဖမ်းဆီးခဲ့ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ရက်စွဲဖြင့် သတင်းထုတ် ပြန်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ ညောင်ကားယားကျေးရွာအနီးတွင် RCSSတပ် ဖွဲ့ဝင်များကနောင်ချိုသွား ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ တရားမ၀င်သစ်လုပ်ငန်း လုပ်ကိုင်သူများနှင့် ကျေးရွာများထံမှ ဆက်ကြေး ကောက်ခံနေသဖြင့် တပ်မတော်စစ်ကြောင်းများမှ ဒီဇင်ဘာ၂၃ရက်နေ့ ညပိုင်းတွင် နယ်မြေရှင်းလင်းခြင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒီဇင်ဘာ၂၄ရက်နေ့နံနက်၂နာရီခွဲခန့်တွင် ကျောက်ဂူကျေးရွာမြောက်ဘက် ၃မိုင်ခန့်အကွာတွင် RCSSမှ ချင်းပအောင် ဦးစီးအဖွဲ့ဝင်ခြောက်ဦးကို ပစ္စတိုတစ်လက် ၊ Type-56-1 သေနတ်နှစ်လက် ၊ကျည်အိမ်နှစ်ခု ၊၇ ဒဿမ၆၂ ကျည် ၁၀၀ တောင့် ၊SSA Army အမှတ်တံဆိပ်ယူနီဖောင်းနှင့် အခြားဆက်စပ်ပစ္စည်းများ၊ RCSSအမှတ်တံဆိပ်ပါ ဆက်ကြေး ကောက်ခံသည့်ငွေလက်ငင်းဖြတ်ပိုင်းစာအုပ်နှစ်အုပ် ၊Laptop ကွန်ပျူတာနှစ်လုံး ၊ကင်မရာတစ်လုံး ၊ မှတ်ပုံတင်နှင့် ကျောင်းသားကဒ်များ ၊လက်ကိုင်ဖုန်းလေးလုံး ၊ငွေစက္ကူ ရောရော ငွေကျပ်သိန်း ၁၆၀ကျော် ၊ငွေရေတွက်စက်တစ်လုံး ၊ ငွေစုစာအုပ်နှစ်အုပ် တို့နှင့်အတူဖမ်းဆီး ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။ဖမ်းဆီးရမိသူ၆ဦးအား ရပ်စောက်မြို့မရဲစခန်းသို့ လွှဲပြောင်းထားကြောင်း သိရသည်။

RCSSအဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးNCA သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး ၂၀၁၈ နှစ်ဆန်းပိုင်းတွင်ပြုလုပ်မည့် ၂၁-ရာစု ပင်လုံအစည်းအဝေးအတွက် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို လင်းခေးမြို့တွင်ပြုလုပ် ကျင်းပခွင့်ရရှိထားသည်။

လင်းခေးမြို့တွင်ပြုလုပ်မည့် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး ပွဲအတွက် အကြိုလူထုတွေ့ဆုံပွဲများကို ရှမ်းပြည်နယ်အတွင်းရှိမြို့နယ်၁၄ မြို့နယ်တွင် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်း များပါဝင်သည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ကျင်းပမည်ဖြစ်သော်လည်း တပ်မတော်မှဟန့်တားမှုများ ကြောင့် လူထုတွေ့ဆုံပွဲကိုဖျက်သိမ်းလိုက်ရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်SNLD တွဲဖက်အထွေ ထွေအတွင်းရေးမှူး (၂)ဦးစိုင်းကျော်ညွှန့်က ဒီဇင်ဘာ ၂၆ရက်နေ့က ပဉ္စမလှိုင်းသို့ပြောကြား ထားသည်။

တပ်ဖွဲ့ဝင်ခြောက်ဦးဖမ်းဆီးခံရမှုနှင့်ပတ်သတ်၍ RCSS ပြောရေး ဆိုခွင့်ရှိသူများထံ ပဉ္စမလှိုင်းမှတယ်လီဖုန်းဖြင့်ဆက် သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

ကိုဥာဏ်

Leave a Reply