ရတနာပုံခေတ် သီလရှင်ဆရာကြီး မယ်ကင်း၏ ပုံစံတူရုပ်တု တည်ထားကိုးကွယ်မည် 

0
203

စက်တင်ဘာ ၁၄
နိုင်လင်းဦး

စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ဝါးချက်ကျေးရွာရှိ ဂူတစ်လုံးချောင်တွင် ဆရာကြီး မယ်ကင်း၏ ပုံစံတူရုပ်တု တည်ထားကိုးကွယ်သွား မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သီလရှင် အလုပ်အမှုဆောင်အဖွဲ့ က သိရသည် ။

တည်ထားကိုးကွယ်ရန်အတွက် ယခင်နှစ်က သီလရှင်ဆရာကြီး မယ်ကင်း (ခ) ခေါ်ခေမာ ၏ ပုံစံတူရုပ်တုအား မုံရွာမြို့တွင် ထုလုပ်ခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့က ဂူတစ်လုံးချောင် သို့ ပင့်ဆောင်ခဲ့သည်။

“စစ်ကိုင်းတောင် တစ်တောင်လုံးမှာ ရှိတဲ့ ဆရာလေးတွေ စုပေါင်းပြီး ဆရာကြီး မယ်ကင်းရဲ့ အုတ်ပြဿ ဒ်ဂူကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လည်ပြင်ဆင်တယ်။ ရုပ်ထုကတော့ အင်္ဂတေ နဲ့ ဖွင့်ပွဲလည်း လုပ်ဦးမယ် ။ သာသနာအတွက် နောက်နောင် ပုဂ္ဂိုလ်တွေ သာသနာပြု ပုဂ္ဂိုလ် ဆရာကြီး မယ်ကင်းရဲ့ အစဉ်အလာက ဒီလိုပါလား ဆိုပြီး အတုယူနိုင်အောင် ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ် ” ဟု သီလရှင် ဆရာကြီး ဒေါ်ကေတုဝတီ က ပြောသည်။

သီလရှင် ဆရာကြီး မယ်ကင်းသည် မဏိပူရ ကသည်း လူမျိုးဖြစ်ပြီး မင်းတုန်းမင်း လက်ထက် သက္ကရာဇ် ၁၁၆၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည် ။ ဆရာကြီး မယ်ကင်းသည် ငယ်စဉ်ကပင် သီလရှင် အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဥပဇ္ဈယ် ဆရာထံ၌ ကစည်းသဒ္ဒါကြီးသဂြိုလ်နှင့် ဋီကာကျော်များကို သင်ကြားခဲ့သည်။

ရဟန်းလူထွက် ဆရာကြီးထံတွင် စာပေကျမ်းဂန်များကို သင်ကြားကာ စစ်ကိုင်းတောင်ရိုး ဂူတစ်လုံးချောင်တွင် တောရ ဆောက်တည်နေထိုင်၍ ထွဋ်ခေါင် ဆရာတော်ထံ ညဝါ နှင့် အဌကထားများကို သင်ကြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတောင်ရိုး ဂူတစ်လုံးချောင်တွင် နေထိုင်သော သီလရှင် ဆရာကြီး မယ်ကင်း (ခေါ်)ဒေါ်ခေမာကို မင်းတုန်းမင်းတရားကြီး သည် မိဖုရား နှင့် သမီးတော်များအား ပညာသင်ကြားပေးရန် နန်းတွင်းသို့ ပင့်ဆောင်ထားခဲ့သည်။

ဆရာကြီးမယ်ကင်းသည် အိုမင်းမစွမ်းရှိလာသောအခါ နန်းတွင်း၌ သတင်းမသုံးပဲ စစ်ကိုင်းတောင်ရိုးတွင် ပြန်လည်သတင်းသုံး၍ ဝိပဿ နာလုပ်ငန်းဖြင့် အချိန်ကုန်ကာ သီပေါမင်းလက်ထက် သက္ကရာဇ် ၁၂၄၄ ခုနှစ် ပြာသိုလဆန်း (၅)ရက်နေ့ သက်တော် (၆၈) နှစ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဆရာကြီး မယ်ကင်း အထိမ်းအမှတ်ဖြင့် အရိုးပြာအိုးကို ထည့်သွင်းရန် ခမ်းနားသော အုတ်ပြဿ ဒ်ဆောင်ကို သီပေါမင်း နှင့် မိဖုရား စုဘုရားလတ်၊ တိုက်တော်သူကြီးမင်း ဦးဘိုး တို့က စစ်ကိုင်းတောင်ရိုးရှိ ဂူတစ်လုံးချောင်ရှေ့မှာတင် တည်ထားခဲ့သည်။

သီလရှင်ဆရာကြီးမယ်ကင်းသည် ရှမ်းလေးကျွန်းဆရာတော် ဘုရားကြီး၏ နှမတော်ဖြစ်ပြီး ဗန်းမော်ဆရာတော်ဘုရားကြီး နှင့် ခေတ်ပြိုင်ဖြစ်ခဲ့သည်။

Leave a Reply