သုံးလောင်းပြိုင်လူသတ်မှုကို အမှန်အတိုင်းဖြစ်စေရန် မိသားစုဝင်ဖြစ်သူ တောင်းဆို 

0
161

ရန်ကုန်၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၇

လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာတွင်ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှုကို အမှန်အတိုင်းဖြစ်စေရန်အတွက် ရဲတပ်ဖွဲ့အား သေချာစီစစ်ပေးရန် လိုအပ်ကြောင်း အသတ်ခံရသူများ၏ မိသားစုဝင် ကိုလှမျိုးထွန်းကပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ လှိုင်သီရိအိမ်ရာ၊ တိုက်(၃)ရှိ အခန်းတစ်ခန်း၌ အပြင်ဘက်မှ အခန်းတံခါးသော့ခတ် ပိတ်ထားပြီး လှေကားထိပ်တွင် အပုပ်နံ့ ထွက်နေ သည့် အ၀ါရောင်အရည်များကျဆင်းနေကြောင်း တွေ့ရှိရသဖြင့် အနီးတိုက်ခန်းနေသူမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာမှ တာဝန်ရှိသူများရောက်ရှိလာပြီး စစ်ဆေး ရာ လူသေလောင်း ၃ လောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ရဲကဒီအမှုကိုသေချာမစစ်ပဲနဲ့ရုံးတင်လိုက်တဲ့အတွက် မကျေနပ်ဘူးပေါ့။ ဒီကိစ္စကိုအမှန်အတိုင်းပြန်ဖြစ် စေချင်တယ်။ ဥပမာ ရဲက အထက်ကို မပြောပဲ ထိန်ချန်ထားတာတွေ အများကြီးရှိတယ်။ တကယ်တန်းတော့ အမှန်တရားပေါ်ပေါက်ဖို့အတွက်ပါပဲ။ အမှန်တရားပေါ်ပေါက်ဖို့အတွက် ဆိုတာက ကျွန်တော် ခုနကပြောတဲ့ အဓိကတာဝန်က ရဲလက်ထဲမှာ ရှိတာပေါ့။သေချာစစ်ဆေးပြီးတော့ အချက်အလက် စုံနိုင်သမျှ စုံအောင်လုပ်ပြီးတော့ တရားရုံးကိုတင်မှ တရားရုံးက ဆုံးဖြတ်ပေး လို့ရမှာပေါ့။ အခုဟာကဘာမှ ပြည့်ပြည့်စုံစုံမပါပဲ တင်တော့ ဘယ်လို လုပ် တရားသူကြီးက ဆုံးဖြတ်ရမှာလဲ။ အဲတာကိုပြောချင်တာပေါ့။ သတ်တဲ့သူကလည်း ၀င်ခံထားတယ်။ ယူထားတဲ့ပစ္စည်းတွေကိုလည်း ပြန်ပြီး သိမ်းမိတယ်။စာအုပ်ကြီးအတိုင်းပဲ သွားနေတယ်။ အဲဒီအပေါ်မှာမှ ရဲကိုသေချာပြန်ပြီးတော့ စုံစမ်း စေချင်တယ်” ဟုဦးလှမျိုးထွန်းကပြောသည်။

လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာတွင်ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှုအား ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးခဲ့ရာ လူသတ်မှုအပြင် လုယက်မှုကိုပါကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တရားခံအား ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ တွင်တရားခံဖြစ်သူ ဇွဲလင်းထက်မှာ ၎င်း အလုပ်လုပ်သော ဆိုင်မန်နေဂျာဖြစ်သူ မကေသီလှိုင်၏ နေအိမ်တိုက်ခန်းသို့ ရောက်ရှိလာပြီး လစာ တိုးပေး ရန်ကိစ္စ ပြောဆိုရာ မကေသီလှိုင်က လစာတိုးမပေးနိုင်သေးကြောင်း ပြောဆိုခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများကြပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ မကေသီလှိုင်မှ အိပ်ခန်းအတွင်း သို့ ပြေးဝင်သွားစဉ် ဇွဲလင်းထက်မှ လက်သီးဖြင့် လိုက်လံထိုးခဲ့သဖြင့် မအေးမာဦးမှ နောက်ကလိုက်ဆွဲခဲ့ကြောင်း၊ မကေသီလှိုင်မှ အိပ်ခန်း အတွင်းရှိ ဓားဦးချွန်ယူပြီး ထိုးမည်ပြုလုပ်သဖြင့် ဓားကိုလုယူကာ မကေသီလှိုင်အား ထိုးခဲ့သည့်အပြင် မအေးမာဦးကိုလည်း ဓားဖြင့် ထိုးခဲ့ကြောင်း၊ ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် မကေသီလှိုင်၏ သမီးဖြစ်သူ မသာယာထွန်းမှ ၀င်ရောက်ဟန့်တားခဲ့သဖြင့် မသာယာထွန်း ကိုလည်း ဓားဖြင့်ထပ်မံထိုးခဲ့ရာ လဲကျသွားခဲ့ကြောင်း၊ မသာယာထွန်းမှာ မသေသေးသဖြင့် နေအိမ်မီး ဖိုချောင်ရှိ အသားခုတ်စတီးဓားကိုယူပြီး မသာယာထွန်း၏ ဦးခေါင်းအား ထပ်မံခုတ်ခဲ့သဖြင့် သေဆုံးသွား ခဲ့ကြောင်း၊နေအိမ်ရှိသူအားလုံးသေဆုံးသွားပြီးနောက် ငွေကျပ်(၄)သိန်း၊ ရွှေထည်ပစ္စည်းများ၊လက်တော့၊ လက်ကိုင်တယ်လီဖုန်းနှင့် မော်တော်ကားသော့ယူဆောင်ကာ နေအိမ်တံခါးကို အပြင်မှသော့ခတ် ခဲ့ကြောင်း၊ ၎င်းနောက် အောက်ထပ်သို့ဆင်းလာခဲ့ပြီး မကေသီလှိုင် စီးနင်းအသုံးပြုသည့် မော်တော်ယာဉ် အမှတ် 1I—-Wish အမျိုးအစားမော်တော်ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အစပိုင်းတွင် လှိုင်မြို့မရဲစခန်းမှ (ပ)၁၁၂၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ကာ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဖြိုးဖြိုး

Leave a Reply