ငြိမ်းချမ်းရေးထိန်းသိမ်းရန်သာ ပြည်နယ်အစိုးရနှင့် KNPP အဖွဲ့ဆွေးနွေး

0
194

ရန်ကုန်၊ဒီဇင်ဘာ ၂၇ ၊ ၂၀၁၇

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့တို့သည် ယမန်နေ့က ဝန်ကြီးချုပ်ရုံးခန်းတွင် အသတ်ခံရသူ လေးဦးနှင့်ပတ်သက်ပြီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ နှင့် ၂၀ ရက်များတွင်ဖြစ်ပွားခဲ့သော ကိစ္စများနှင့်ပတ်သက်ပြီး တွေ့ဆုံခဲ့ရာတွင် ငြိမ်းချမ်းရေးကိုဆက်လက်ထိန်းသိမ်းရေးကိုသာ ဦးစားပေးဆွေးနွေးခဲ့ပြီး KNPP အဖွဲ့မှ ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ် က ပြောသည်။

“ ကျနော်တို့လည်း အေးဆေးပဲဖြစ်ချင်တယ်လို့ပြောတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားမယ်လို့ပြောခဲ့တယ်။ အသတ်ခံရတဲ့ မိသားစုဝင်တွေထဲက နှစ်ယောက်လောက်ပါတယ်။ တွေ့ဆုံမှုမှာ အစိုးဘက်ကလည်း တတ်နိုင်သလောက်အနေနဲ့ မိသားတစ်စုကို ငါးသိန်း ထောက်ပံ့မယ်ပြောတယ်” ဟု ခူညေးရယ် က တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ပဉ္စမလှိုင်း မီဒီယာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဒကစ(လွိုင်ကော်) မှ တာဝန်ရှိသူများနှင့်လည်း ယင်းနေ့တွင်ပင်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန်သာ ဆွေးနွေးခဲ့ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုတွင် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် KNPP အဖွဲ့ဝင်များအပြင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း သိရသည်။

လွိုင်ကော်မြို့ အနီး ၇ မိုင် ကင်း စခန်းတွင် တာဝန်ကျ နေသည့် KNPP တပ်သား ၄ ဦး ကို မြန်မာအစိုးရ တပ်ဖွဲ့မှ ဖမ်းဆီးသတ်ဖြတ် လိုက်သည်ဟု KNPP ဆိုထားသော်လည်း တပ်မတော်မှ တိုက်ပွဲ ဖြစ်၍ KNPP တပ်သား ၄ ဦး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ပြန်လည် ပြောဆိုထားသည်။

သျှင်ရဲထွဋ်

Leave a Reply