Su-30 တိုက်လေယာဉ်များအား အဆင့်မြှင့်တင်လိုသော အိန္ဒိယလေတပ်

0
171

ဇွဲထွဋ်ဦး

အိန္ဒိယလေတပ် (IAF) သည် မကြာသေးမီကပင် ဝယ်ယူထားသော Dassault Rafael တိုက်လေယာဉ်နှစ်စီးအား နိုင်ငံဆီသို့ သယ်ဆောင်လာတော့မည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ယခုအခါမှာလည်း ရုရှားနိုင်ငံ၏ တိုက်လေယာဉ်အဆင့်မြှင့်တင်မှု စီမံကိန်းတွင် ပါဝင်ရန် ကြိုးပမ်းနေပါသည်။ မကြာသေးမီက ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ၄င်းတို့လေတပ်၏ Su-30SM တိုက်လေယာဉ်များအား ပိုမိုကောင်းမွန်သော Super SM အဆင့်အတန်းသို့ တိုးမြှင့်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

Su-30SM တိုက်လေယာဉ်များသည် Sukhoi ကုမ္ပဏီထုတ် တိုက်လေယာဉ်များအနက် အကောင်းဆုံး Su-35 တိုက်လေယာဉ်၏ လေကြောင်းနည်းပညာများနှင့် လက်နက်စနစ်များကို မျှဝေကာ ထုတ်လုပ်ထားသော တိုက်လေယာဉ်များဖြစ်သည်။ အဆိုပါတိုက်လေယာဉ်များအား ယခုအခါ ထပ်မံအဆင့်မြှင့်တင်သွားမည်ဖြစ်သည်။

Super SM ဟုအမည်ပေးထားသော Project တွင် Su-30SM ၏ မူလ AL-31 အင်ဂျင်များအား AL-41 အင်ဂျင်များဖြင့် အစားထိုးမည်ဖြစ်ပြီး အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များ၊ အာရုံခံကိရိယာများကိုလည်း အဆင့်မြှင့်သွားမည် ဖြစ်သောကြောင့် Su-35 တိုက်လေယာဉ်များနှင့် အနီးစပ်ဆုံးတူညီသွားမည်ဖြစ်သည်။ ထို့အပြင် Su-35 နှင့် Su-57 တိုက်လေယာဉ်များတွင်သာ ပါဝင်ရန်ကန့်သတ်ထားသော နည်းပညာအသစ်အဆန်းများ (ဥပမာ လေဆာရောင်ခြည် လက်နက်စနစ်) ကိုလည်း ပေါင်းစပ်ထည့်သွင်းသွားမည်ဖြစ်သည်။

ထို့ကြောင့် Su-30 တိုက်လေယာဉ် အများအပြားအသုံးပြုနေသော အိန္ဒိယလေတပ်သည် အဆိုပါ အဆင့်မြှင့်တင်မှု အစီအစဉ်တွင် ပါဝင်လိုခြင်းဖြစ်သည်။ အိန္ဒိယလေတပ်တွင် ရုရှားနိုင်ငံမှ လိုင်စင်ယူကာထုတ်လုပ်ခဲ့သော Su-30MKI တိုက်လေယာဉ် အစီး ၂၇၀ ခန့် အသုံးပြုနေပါသည်။ Su-30MKI တိုက်လေယာဉ်များသည် အာရှဒေသတွင်း အဆင့်အတန်းမြင့် တိုက်လေယာဉ်များ ဖြစ်ကြသည်။ သို့သော်လည်း အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အနည်းငယ် ခေတ်နောက်ကျလာပြီဖြစ်ရာ အဆင့်မြှင့်တင်နိုင်ရန်အတွက် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ အဆင့်မြှင့်တင်ခြင်း အစီအစဉ်ကို Super MKI ဟု ကနဦးအမည်ပေးထားပါသည်။

အိန္ဒိယလေတပ်သည် မူလ Su-30MKI တိုက်လေယာဉ်များအား ပိုမိုအားကောင်းသော AESA ရေဒါများဖြင့် အစားထိုးရန်နှင့် AL-31FP အင်ဂျင်များကို AL-41 အင်ဂျင်များဖြင့် လဲလှယ်ရန်ဆန္ဒရှိနေသည်။ သို့သော်လည်း ၎င်းတို့တပ်ဆင်လိုသော AESA ရေဒါသည် Su-57 တိုက်လေယာဉ်သုံးရေဒါဖြစ်သောကြောင့် နည်းပညာဆိုင်ရာကန့်သတ်ချက် ရှိလာမည်ဖြစ်သည့်အပြင် ဈေးနှုန်းကြီးမြင့်သောကြောင့် ပြည်တွင်းထုတ် AESA ရေဒါကိုသာ ရွေးချယ်လိုသောဆန္ဒ ရှိနေသည်။

AL-41 အင်ဂျင်များအတွက်မူ ရုရှားနှင့် အိန္ဒိယတို့အကြားတွင် သဘောတူညီမှုရရှိရန် လိုအပ်နေပါသည်။ မူလက အိန္ဒိယနိုင်ငံ HAL ကုမ္ပဏီမှာ AL-31FP အင်ဂျင်များကို နည်းပညာလွှဲပြောင်းမှု (Transfer Of Technology) ဖြင့် ထုတ်လုပ်ခြင်း ဖြစ်သည်။ ယခုအခါ AL-41 အားလည်း TOT ဖြင့် ထုတ်လုပ်မည်ဆိုပါက စာချုပ်အသစ်တစ်ခု ထပ်မံချုပ်ဆိုရန် လိုအပ်လိမ့်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်သည်လည်း ငွေကြေးကုန်ကျမှု များပြားမည်ဖြစ်သည်။

အိန္ဒိယလေတပ်သည် Su-30MKI များကို ပြင်သစ်၊ အစ္စရေးတို့၏ စနစ်များဖြင့်ပေါင်းစပ်ကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် Super MKI အဖြစ်သို့ အဆင့်မြှင့်တင်မည်ဆိုပါက အဆိုပါ အနောက်နိုင်ငံလုပ် ကိရိယာများကို အစားထိုးကာ အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။ ထိုသို့အဆင့်မြှင့်တင်ပြီးပါက အိန္ဒိယလေတပ်သည် Astra BVR Missile ကဲ့သို့သော နာမည်ကျော်လေယာဉ်ပစ်ဒုံးပျံများအား အသုံးပြုလာနိုင်မည်ဖြစ်သည်။

အိန္ဒိယလေတပ်အနေဖြင့် ရွေးချယ်စရာများစွာရှိနေပြီး မိမိတို့၏ တိုက်လေယာဉ်များအား အဆင့်မြှင့်တင်ခြင်း သို့မဟုတ် တိုက်လေယာဉ်အသစ် ဝယ်ယူခြင်းများကို ပြုလုပ်နိုင်သည်။ ထို့အပြင် ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် မဟာမိတ်ကဲ့သို့ ကာလရှည်ကြာ ဆက်ဆံရေးကောင်းမွန်သော နိုင်ငံဖြစ်သောကြောင့် အဆင့်မြှင့်တင်မည့် အစီအစဉ်ကို လွယ်ကူစေရန် ညှိနှိုင်းမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ Super MKI တိုက်လေယာဉ် အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု အိန္ဒိယကာကွယ်ရေးဆိုင်ရာ အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

Leave a Reply