ခရီးသွားဝင်ရောက်မှု နည်းသည့်အတွက် အင်းဝဒေသရှိ မြင်းလှည်းသမားများ အခက်အခဲဖြစ်

0
159

စက်တင်ဘာ ၂၀
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝဒေသရှိ မြင်းလှည်းသမားများအနေဖြင့် ခရီးသွားဝင်ရောက်မှု နည်းသည့်အတွက် စားဝတ်နေရေးအခက်အခဲဖြစ်ကြောင်း ယင်းမြင်းလှည်းသမားများထံက သိရသည်။

အင်းဝဒေသတွင် အိုးတုတ္တန်း မြင်းလှည်းဂိတ်၊ မီးသွေးတန်း မြင်းလှည်းဂိတ်ရှိပြီး ခရီးသွားဝင်ရောက်မှု မရှိသလောက်နည်းသည့်အတွက် ခရီးသွားအလာများရာ မယ်နုအုတ်ကျောင်း နှင့် ထီးလှိုင်ရှင် ဘုရားအနီးတွင် မြင်းလှည်းသမားများ ခရီးသွားရှာဖွေလျှက်ရှိသည်။

“မနှစ်ကကို ခရီးသွားရှိသေးတယ် ။ မြင်းလှည်းသမားတွေ အဆင်ပြေတယ် ။ ခုဟာက ခရီးသွားမရှိသလောက်ပဲ ။ ဒါကလည်း နိုင်ငံရေးအခြေအနေနဲ့လည်း ဆိုင်မယ်ထင်တယ် ။ ခုတော့ ခရီးသွားမလာတော့ မြင်းလှည်းသမားတွေ စားဝတ်နေရေး ခက်ခဲတာပေါ့ ” ဟု မြင်းလှည်းအသင်း ဥက္ကဋ္ဌ ဦးထွန်းသိန်း က ပြောသည်။

မြင်းလှည်းသမားများအနေဖြင့် မိသားစုစားဝတ်နေရေးအပြင် မြင်းစာအတွက် တစ်ရက်လျှင် ၃၀၀၀ ကျပ်ဝန်းကျင် ကုန်ကျစရိတ်ရှိပြီး တစ်ရက်လျှင် ဝင်ငွေ တစ်သောင်းကျပ်ရှိမှသာလျှင် အဆင်ပြေနိုင်ကြောင်း သိရသည်။

“စားဝတ်နေရေး ပြေလည်အောင်လို့တော့ လုပ်နေရတာပဲ ။ ဒီနှစ်က ခရီးသွားအတော်ပါးတယ် ။ ခါတိုင်း မနက်ပိုင်းတင် တစ်ခေါက်လောက်သွားရတယ်။ ခု နေ့လည်ရောက်နေပြီ မထွက်ရသေးဘူး ။ မဆွဲရတဲ့နေ့တွေလည်းရှိတယ် ။ အဲ့ဒီအခါကျ ချေးငှားစားရတာပေါ့” ဟု မြင်းလှည်းသမား ကိုသန့်ဇော်ထွန်း က ပြောသည်။

မြင်းလှည်းဖြင့် အင်းဝဒေသ အတွင်းရှိ အထင်ကရနေရာများကို လိုက်လံပို့ဆောင်ခြင်းဖြစ်ကာ အင်းဝဒေသတွင် မြင်းလှည်း စုစုပေါင်း ၂၀၀ နီးပါး ပြေးဆွဲနေကြောင်း သိရသည်။

Leave a Reply