သုံးလာင်းပြိုင်လူသတ်မှု ပထမဆုံးအကြိမ် ရုံးထုတ် 

0
226

ရန်ကုန်၊ဒီဇင်ဘာ ၂၈၊၂၀၁၇

လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာတွင်ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုကို အနောက်ပိုင်းခရိုင် တရားရုံး၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

” ဒီနေ့က ရုံးထုတ်ပြီး ရမန်ယူတာပါ။ တရားခံဘက်က ရှေ့နေမငှားဘူးလို့ ပြောတဲ့အတွက် နိုင်ငံတော်က ရှေ့နေငှားပေးဖို့ဆောင်ရွက်တာ ဒီလောက်ပါပဲ” ဟု သေဆုံးသူများ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးလှမျိုးထွန်းကပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ လှိုင်သီရိအိမ်ရာ၊ တိုက်(၃)ရှိ အခန်းတစ်ခန်း၌ အပြင်ဘက်မှ အခန်းတံခါး သော့ခတ်ပိတ်ထားပြီး လှေကားထိပ်တွင် အပုပ်နံ့ထွက်နေသည့် အ၀ါရောင် အရည်များကျဆင်းနေကြောင်း တွေ့ရှိရသဖြင့် အနီးတိုက်ခန်းနေသူမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများရောက်ရှိလာပြီး စစ်ဆေး ရာမှ လူသေလောင်း ၃ လောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးခဲ့ရာ လူသတ်မှုအပြင် လုယက်မှုကိုပါ ကျူးလွန်ခဲ့ ကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး လာမည့်နှစ် ဇန်န၀ါရီလ ၉ ရက်နေ့တွင် ဒုတိယ အကြိမ်ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

” ဇန်န၀ါရီလ ၉ ရက်နေ့မှာ ရုံးထုတ်မှာပါ။ အကိုကတော့ ဒီအမှုကို အမှန်အတိုင်း ပေါ်စေချင်တယ်” ဟု ဦးလှမျိုးထွန်းကပြောသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ တွင် တရားခံဖြစ်သူ ဇွဲလင်းထက်မှာ ၎င်း အလုပ်လုပ်သော ဆိုင်မန်နေဂျာဖြစ်သူ မကေသီလှိုင်၏ နေအိမ်တိုက်ခန်းသို့ ရောက်ရှိလာပြီး လစာ တိုးပေး ရန်ကိစ္စ ပြောဆိုရာ မကေသီလှိုင်က လစာတိုးမပေးနိုင်သေးကြောင်း ပြောဆိုခဲ့ရာမှတဆင့် တစ်ယောက် တစ်ခွန်း စကားများကြပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မကေသီလှိုင်မှ အိပ်ခန်းအတွင်းသို့ ပြေးဝင်သွားစဉ် ဇွဲလင်းထက်မှ လက်သီးဖြင့် လိုက်လံထိုးခဲ့သဖြင့် မအေးမာဦးမှ နောက်ကလိုက်ဆွဲ
ခဲ့ကြောင်း၊ မကေသီလှိုင်မှ အိပ်ခန်းအတွင်းရှိ ဓားဦးချွန်ကို ယူပြီး ထိုးမည်ပြုလုပ်သဖြင့် ဓားကိုလုယူကာ မကေသီလှိုင်အား ထိုးခဲ့သည့်အပြင် မအေးမာဦးကိုလည်း ဓားဖြင့်ထိုးခဲ့ကြောင်း၊ ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် မကေသီလှိုင်၏ သမီးဖြစ်သူ မသာယာထွန်းမှ ၀င်ရောက် ဟန့်တားခဲ့သဖြင့် မသာယာထွန်း ကိုလည်း ဓားဖြင့်ထပ်မံထိုးခဲ့ရာ လဲကျသွားခဲ့ကြောင်း၊ မသာယာထွန်းမှာ မသေသေး သဖြင့် နေအိမ်မီး ဖိုချောင်ရှိ အသားခုတ်စတီးဓားယူပြီး မသာယာထွန်း၏ ဦးခေါင်းအား ထပ်မံခုတ်ခဲ့သဖြင့် သေဆုံးသွား ခဲ့ကြောင်းသိရသည်။

၊နေအိမ်ရှိသူအားလုံး သေဆုံးသွားပြီးနောက်ငွေကျပ်(၄)သိန်းနှင့် ရွှေထည်ပစ္စည်းများ၊ လက်တော့၊ လက်ကိုင်တယ်လီဖုန်းနှင့် မော်တော်ကားသော့တို့ကို ယူဆောင်ကာ နေအိမ်တံခါးကို အပြင်မှသော့ခတ် ခဲ့ကြောင်း၊ ၎င်းနောက် အောက်ထပ်သို့ဆင်းလာခဲ့ပြီး မကေသီလှိုင် စီးနင်းအသုံးပြုသည့် မော်တော် ယာဉ် အမှတ် 1I—-Wish အမျိုးအစားမော်တော်ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လှိုင်မြို့မရဲစခန်း(ပ)၁၁၂၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ကာ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ဖြိုးဖြိုး

Leave a Reply