” MLM ဆိုတာ ကျွန်တော်တို့လို သာမန်လူတန်းစားတွေအတွက် မဟာအခွင့်အလမ်းကြီးပါပဲ”

0
2109

MLM ခေါ် Network Marketion စနစ် ရပ်နားထားခြင်းအပေါ် Double Cane ကုမ္ပဏီမှ Diamond အဆင့်ရှိသူ ကိုမိုက်ကယ်ပေါင် နှင့်တွေ့ဆုံခြင်း

ပဉ္စမလှိုင်း

မေး။ ။ MLM စနစ် ကို အစိုးရ ပိတ်လိုက်တာ ကောင်းတယ်ထင်လား။ ဘာကြောင့်လဲ။

ဖြေ။ ။လတ်တလော အနေအထားရ ကောင်းတယ်လို့ယူဆရတယ်။ ဘာဖြစ်လို့လဲဆိုတော့ MLMစနစ်အောက်မှာ ကောင်းတာရော မကောင်းတာရော ရောနေတယ်။ ဆိုတော့ ဒါတွေကို စိစစ်ခွဲခြားပြီး မကောင်းတာတွေကို အရေးယူပြီး ကောင်းတာတွေကို ဥပဒေနဲ့ ပြန်ခွင့်ပြုလို့ရတာပေါ့။ တစ်ချို့ ကုမ္ပဏီိတွေကြတော့လည်း အစိုးရမပိတ်လည်း သူ့ဟာသူ ပြုတ်မှာဗျ။ သူ့ဟာသူ လုံးပါးပါးပြီး ယဲ့ယဲ့လေးပဲ ကျန်တော့တာ။ ပြေးချင်၊ ပိတ်ချင်နေကြပြီ။ သူတို့ သိက္ခာဆည်ဖို့ အခွင့်အခါ စောင့်နေကြတုန်း ထွက်ပေါက်ရသွားကြတာပေါ့။

မေး။ ။MLM ကို ဝေဖန်နေကြတဲ့ အပေါ်ကိုရော ဘာပြောချင်လဲ။

ဖြေ။ ။ လူများစုက MLM ဘာဆိုတာ ဂဃဏန နားမလည်သေးဘူးလို့ပဲ မြင်တယ်။ လောလောဆယ်အခြေနေမှာ MLM စနစ်ရဲ့ စစ်မှန်တဲ့ နည်းဗျူဟာကိုလည်း နားမလည်ကြသေးဘူး။ ပြိးရင် ဘာကြောင့်အဲ့လိုဖြစ်ရလဲဆိုရင် မကျွမ်းကျင်တဲ့သူတွေကြောင့်လည်း ပိုပြီး နားလည်မှု လွဲသွားစေတယ်။ လုပ်ငန်းလည်း မကျွမ်းကျင်ဘူး။ တချို့ကလည်း အချောင်ရတဲ့ စနစ်လို့ထင်ပြီး လောဘဇောနဲ့ MLMလောကထဲ ၀င်လာတယ်။ မသင်ယူ မလေ့လာဘဲနဲ့ လေးငါးခြောက်လ လုပ်ပြီးတော့ အချောင်မရဘူးဆိုတာ သိသွားတဲ့အခါမှာ မကောင်းပြောပြီး ထွက်သွားကြတယ်

မေး။ ။ ခု ဒီစနစ် ဖျက်သိမ်းထားတယ်ဆိုတော့ ဘာဆက်လုပ်သွားမလဲ။

ဖြေ။ ။အခုဟာက ဖျက်သိမ်းတာ မဟုတ်သေးဘူး။ အမိန့်တစ်ခုနဲ့ ယာယီတားဆီးထားတာ ဖြစ်တယ်။ ကျွန်တော်တို့ကလည်း အစိုးရရဲ့ အမိန့်တွေကို နာခံတဲ့အနေနဲ့ MLMနဲ့ ပတ်သက်တဲ့ အလုပ်မှန်သမျှကို ရာနှုန်းပြည့်နားထားတယ်။ အစိုးရအနေနဲ့ ဥပဒေအသစ်တစ်ရပ် ပြန်လည် ပြင်ဆင်ရေးဆွဲပေးဖို့ ကြိုးစားနေပါတယ်။

မေး။ ။ကောင်းတယ် မကောင်းဘူးဆိုတာကို ဘာနဲ့တိုင်းတာမလဲ။

ဖြေ။ ။MLM ကုမ္ပဏီတစ်ခု ကောင်းတယ် မကောင်းဘူးဆိုတာ တိုင်းတာနိုင်တဲ့ စံနှုန်းတွေရှိပါတယ်။ အဓိကကတော့ စားသုံးသူရဲ့ စိတ်ကျေနပ်မှုနဲ့ ၀င်ရောက်လုပ်ကိုင်နေတဲ့ ကိုယ်စားလှယ်တွေရဲ့ အကျိုးရှိမှုပေါ်မှာ အခြေခံပြီး တိုင်းတာရင် သိနိုင်ပါတယ်။ အဓိကကတော့ အချက်လေးချက်ကြည့်ရမယ်။ တစ်ချို့တွေက ငါးချက်လို့ပြောပေမယ့် ကျွန်တော်ကတော့ ၄ ချက်လို့ပဲ ပြောချင်တယ်။ ကားဘီးလေးဘီးလိုပေါ့။ ပထမအချက်က ကုမ္ပဏီရဲ့ သက်တမ်း၊ တရားဝင်မှု၊ ခိုင်မာတောင့်တင်းမှု၊ ကိုယ်ပိုင်စက်ရုံ၊ စိုက်ခင်း၊ R & Dရှိသလား၊ တစ်ဆင့်ခံယူရောင်းသလား၊ ပညာရှင်တွေရှိလား၊ အဖွဲ့အစည်းကို စီမံခန့်ခွဲတာဘယ်သူဆိုတာရယ်နဲ့ ကုမ္ပဏီမူဝါဒ ရည်မှန်းချက်နဲ့ ပန်းတိုင်ဆိုတာရယ်ပေါ့။ နံပါတ်နှစ်ကတော့ ထုတ်ကုန်အရည်အသွေးက လုံးဝပြိုင်ဘက်ကင်းအဆင့်၊ အစားထိုးမရတဲ့အဆင့်ဖြစ်ရမယ်ဆိုတာရယ်၊ ပေးရတဲ့ ဈေးနဲ့ ထိုက်တန်တယ်လို့ လိုလိုလားလားလက်ခံနိုင်တဲ့ အဆင့်ရှိပြီး ကြိုက်လို့ ထပ်ခါထပ်ခါဝယ်ရတာမျိုးဖြစ်ဖို့ရယ်ပေါ့။ အားနာနာနဲ့ဝယ်တာမျိုး မဟုတ်ဘဲ တကယ် သဘောကျလို့ဝယ်တာမျိုးဖြစ်ဖို့ရယ်။ တတိယအချက်က ဆုကြေးငွေပေးတဲ့ စနစ်ပေါ့။ ကြိုးစားရင် ကြိုးစားသလောက်ရမယ်။ နောက်လူကလည်း ရှေ့လူကို ကျော်တက်လို့ရမယ်။ မ၀ယ်မနေရ ကန့်သတ်တာမျိုး မဖြစ်ရဘူး။ ထိန်းချုပ်တာတွေ မရှိရဘူး။ ပွင့်လင်း မြင်သာမှုရှိရမယ်။ နောက်ဆုံးအချက်ကတော့ ပညာပေးတဲ့စနစ်ရှိရမယ်။ အဆင့်ဆင့်လက်ဆင့်ကမ်း ပညာပေးတဲ့ စနစ်ပေါ့။ ပညာပေးတဲ့ စနစ်မရှိတဲ့ ကုမ္ပဏီတွေဆိုရင်တော့ တော်တော် ပြသနာရှိတယ်။

မေး။ ။ အကိုတို့အနေနဲ့ ၀င်ငွေတွေ အများကြီးရတယ်လို့ပြောတယ်။ အဲ့တာကိုရော အခွန်ဆောင်လား။

ဖြေ။ ။ဟုတ်ကဲ့ ဆောင်ပါတယ်။ ငါးသိန်းအထက်ဝင်ငွေရတဲ့ ကိုယ်စားလှယ်တွေ အားလုံးကို၂၀၁၈ ဂျူလိုင်လထိ ကုမ္ပဏီကနေ ရလာတဲ့ ၀င်ငွေပေါ်မှာ တိုက်ရိုက် အခွန်ဆောင်ပေးတယ်။ ၀င်ငွေခွန်ပေါ့။ အခွန်ဆောင်ပြေစာတွေလည်း ခုထိရှိသေးတယ်။ သိမ်းလည်း သိမ်းထားတယ်။ ကုမ္ပဏီဘက်ကလည်း ကုန်သွယ်ခွန်တွေရော ၀င်ငွေခွန် စားသောက်ခွန်တွေ အတိအကျ ဆောင်ထားတယ်။

မေး။ ။နိုင်ငံတကာမှာ MLMစနစ် ပိတ်ထားတာကရော။

ဖြေ။ ။လုံးဝမပိတ်ပါဘူး။ နိုင်ငံတကာမှာဆိုရင် DSA(Direct selling Act) ပြဌာန်းပြီး ဥပဒေအရတောင် ကာကွယ်မှုတွေ ပေးထားပါသေးတယ်။

မေး။ ။ဒီစနစ်နဲ့ဖြန့်နေတာတွေက ဈေးပိုကြီးတယ်လို့ ပြောနေကြတဲ့အပေါ်ရော။

ဖြေ။ ။ MLMစနစ် အမှန်ဆိုရင် ဈေးတောင် ပိုသက်သာသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုန်ပစ္စည်း ဖြန့်ချိရေးအတွက် အပိုကုန်ကျစရိတ်တွေဖြစ်တဲ့ ကြော်ငြာစရိတ်တွေ အဆင့်ဆင့် သယ်ယူပို့ဆောင်စရိတ်တွေ၊ ကုန်သည်အဆင့်ဆင့်တင်တဲ့ အမြတ်တွေ မရှိတော့ဘဲ စားသုံးသူက ကုမ္ပဏီဈေးအတိုင်း တိုက်ရိုက် ၀ယ်ယူ သုံးစွဲခွင့်ရတယ်။ ဒီလိုဗျာ ရေသန့်တစ်ဘူးဆိုရင် တစ်နေရာနဲ့ တစ်နေရာဈေးမတူဘူး။ တစ်ဘူးကို သုံးရာပေးရတဲ့နေရာရှိမ်ယ် ငါးရာ တစ်ထောင် ဒီလိုမျိုး။ ဈေးအသက်သာဆုံးဆိုပြီး သုံးရာနဲ့ ရနိုင်တဲ့နေရာတောင်မှ ကုမ္ပဏီဈေးမဟုတ်သေးဘူး။ ဒါက အမြတ်တင်ပြီး ရောင်းတဲ့ ဈေး။ MLM စနစ်အမှန်ဆိုရင် ဘယ်နေရာမှာဝယ်ဝယ် ဘယ်သူဝယ်ဝယ် ကုမ္ပဏီဈေး တစ်မျိုးပဲရှိတယ်။ ဒီလိုဆိုတော့ ဈေးက ပိုကြီးနေတယ်ဆိုတာ ဟုတ်ပါ့မလား။

မေး။ ။ကုမ္ပဏီက ဘောနတ်စ်ပေးဖို့ သူတို့ ထုတ်ကုန်တွေပေါ်မှာ တခါတည်း ဈေးတင်ထားတယ်လို့ ပြောနေကြတဲ့ အပေါ်ကိုရော ဘာပြောချင်လဲ။

ဖြေ။ ။MLM စနစ်အမှန်ဆိုရင် နိုင်ငံတကာမှာ ဥပဒေအရ ကန့်သတ်ထားတာတွေရှိတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ် ပေါ်မူတည်ပြီး ဘယ်လောက်ရာခိုင်နှုန်းကိုပဲ အမြတ်တင်ရမယ်ဆိုတာမျိုးပေါ့။ အဲ့ထက်ကျော်ပြီးလည်း အမြတ်တင်ခွင့်မရှိဘူး။ တင်တယ်ဆိုရင် သေချာတယ် အဲ့တာ MLMစနစ်မမှန်လို့ပဲ။ ဒါကြောင့် အမြတ်တွေ အများကြီးတင်ပြီး ရောင်းတယ်ဆိုတာ ကောလဟလတွေပဲ ဖြစ်တယ်။ နောက်တစ်ချက်က ကိုယ်စားလှယ်တွေကိုလည်း ရောင်းရင်ရောင်းရသလောက် ဘောနတ်ပေးတယ်ဆိုပေမယ့် ကန့်သတ်ချက်တွေရှိတယ်။ အဲကန့်သတ်ချက်ထက် ကျော်လွန်ပြီး မရနိုင်ဘူး။ နောက်တစ်ခုက အရည်အသွေး၊ MLMကုမ္ပဏီ အစစ်အမှန်ဆိုရင် ပစ္စည်းအရည်သွေးတူရင် ဈေးနှုန်းသက်သာတယ်။ ဈေးနှုန်းတူရင် အရည်အသွေးပိုကောင်းတယ်။ ဈေးပိုတင်လို့သာ ယေဘူယျဆန်ဆန်ပြောနေကြတာ။ တကယ်တမ်း အချက်အလက်နဲ့ပြောပါဆိုရင်တော့ ဘယ်သူမှသက်သေမပြနိုင်ကြဘူး။

မေး။ ။အောက်ခြေက လူတွေက ပိုက်ဆံပိုကုန်ပြီး အပေါ်ကလူတွေကပဲ ကောင်းစားနေတယ်ဆိုပြီး ပြောနေတဲ့ အပေါ်ရော။

ဖြေ။ ။ယေဘူယျအနေနဲ့ MLM စနစ်မှာတော့ အဲ့လိုမျိုး မဟုတ်ဘူး။ ကုမ္ပဏီ တစ်ခုခြင်းဆီက Marketing Planပေါ်မူတည်ပြီး ပြောင်းလဲမှုရှိနိုင်တယ်။တကယ်လည်း အဲ့လိုမျိုးအပေါ်ကပဲ ၀င်ငွေပိုရတယ်ဆိုတဲ့ အခြေနေမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် MLM စနစ်မှာတော့ အပေါ်လူ အောက်လူ အရင်လူ နောက်လူဆိုတာမျိုးတော့ မရှိဘူး။ ပိုကြိုးစားရင် ၀င်ငွေပိုရမယ်ဆိုတာပဲရှိတယ်။ စနစ်တစ်ခုလုံးကို ပြောတာထက် ကုမ္ပဏီတစ်ခုချင်းဆီရဲ့ Marketing Plan ကိုနားလည်အောင်လေ့လာရင် အဖြေက ရှင်းရှင်းလေးပါ။

မေး။ ။လူတွေကို အတင်းဆွယ်နေတယ်လို့ ပြောတာကိုရော။

ဖြေ။ ။မဆွယ်ပါဘူး။ အခွင့်အလမ်းပေးတာပါ။ ပိရမစ်စနစ်နဲ့ ပွန်ဇီ(Ponzi)စနစ်တွေမှာတော့ မက်လုံးတွေပေးပြီး လူဆွယ်ကြတယ်။ အများစု အဲ့နှစ်ခုကို ရောထွေးနေကြတာပါ။ MLM စနစ်အမှန်မှာတော့ ကိုယ်ရတဲ့ ကောင်းကျိုးတွေကို ကိုယ်နီးစပ်ရာ မိတ်ဆွေတွေကို အခွင့်အလမ်းပေးပြီး တာဝန်ယူမိတ်ဆက်ပေးရတာပါ။ သူတို့က ဒီအခွင့်အလမ်း လိုချင်လို့ ပါဝင်လာရင် မိတ်ဆက်ပေးတဲ့သူက အောင်မြင်တဲ့အထိ လက်တွဲကူညီပေးရတယ်။ တကယ်တော့ လူတစ်ယောက်ကို မိတ်ဆက်ပေးရတယ်ဆိုတာ အင်မတန် တာဝန်ကြီးပါတယ်။

မေး။ ။နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါသေးလဲ။

ဖြေ။ ။နေရာတိုင်းမှာတော့ အဆိုးနဲ့ အကောင်းက ဒွန်တွဲပြီးရှိပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောတယ်ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ။ MLM စနစ်မှ မဟုတ်ပါဘူး ဘယ်နယ်ပယ်ပဲ ဖြစ်ဖြစ် ဒါကရှိမှာပဲ။ သူများအပြောလောက်နဲ့ ကိုယ်ထင်ရာမဆုံးဖြတ်ဘဲ အဖြူအမဲ အဆိုးအကောင်းသေချာသိအောင် စနစ်တကျ သေချာလေ့လာစေချင်ပါတယ်။ တကယ်တော့ MLMဆိုတာ ကျွန်တော်တို့လို သာမန်လူတန်းစားတွေအတွက် မဟာအခွင့်အလမ်းကြီးပါပဲ။ ဒီအခွင့်အလမ်းကို အများပြည်သူနားလည် သဘောပေါက်ပြီး လူမှုဘ၀တွေ တိုးတက် ဖွံ့ဖြိုးစေချင်ပါတယ်။ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အပါအ၀င် ၀ါရင်ဘားဖတ်တို့တောင်မှ MLM စနစ်ထဲမှာ လုပ်ကိုင်နေကြသေးတာပဲ။ ဘီလ်ဂိတ်ကလည်း ဘ၀ကို အသစ်က ပြန်စရမယ်ဆိုရင် MLM လုပ်မယ်လို့ အတိအလင်းပြောထားသေးတယ်။

မေး။ ။ဒါဆိုရင် Pyramid နဲ့ Ponzi Scheme အကြောင်း အတိုချုပ်လေး ပြောပြပေးပါလား။

ဖြေ။ ။ Ponzi schem ဆိုတာက ဘာထုတ်ကုန် ဘာဝန်ဆောင်မှု မှ မပါပဲ ငွေရင်း အရင်ထည့်ခိုင်းပြီး အတိုးအများကြီးပေး, လူထပ်ဆွယ်ခိုင်း, လူသစ် ရလို့ အဲလူ က ငွေရင်း ထည့် ရင် အဲဒီလူသစ် ရတဲ့ အပေါ်မှာ ကော်မရှင် ပြန်ပေး, လူသစ် ထပ်ဆွယ်ပေါ့…. ပထမလူတွေက အတိုးရတော့ လူထပ်ဆွယ်, နောက်လူတွေကလည်း အတိုးရလိုမှုနဲ့ ငွေရင်းထည့်…. သိန်းသောင်းချီရတဲ့ချိန်မှာ လစ်ရော…. MLM နဲ့ ခပ်ဆင်ဆင် အဆင့်ဆင့်ပွားတာတော့ဟုတ်တယ်။ ဒါပေမဲ့ အရမ်းသိသာတယ်။ အများစုက လောဘ ဇော ကြောင့် အမြင်နိုင်ကြတာ… အခု အထင်လွှဲခံရတာ ဒါမျိုးအများဆုံးပဲ…
လိမ်တဲ့သူတွေကလည်း ပါးနပ်တယ်.. Ponzi Scheme ကို update လုပ်ပြီး လိမ် တော့ လူတွေ မျက်စိလည်ပြီး အလိမ်ခံကြပြန်ရော.. ဥပမာ ငွေထည့်ခိုင်းပြီးမှ ဖုန်းထဲမှာပဲ မြင်ရတဲ့ app တမျိုး ကနေ ကိန်းဂဏန်း တချို့ ပြ, ဒီနေ့ ဘယ်ဈေး, ခင်ဗျား ဘယ်လောက် မြတ်နေပြီ စသဖြင့် လူ့လောဘ ကိုဆွ ပေးပြီး ငွေ ထပ်ထပ်ထည့်ခိုင်းတာပေါ့… ပြန်ထုတ်ချင်တဲ့ခါ ကြတော့ Internet Line မကောင်းလို့, Hack ခံရလို့, ဈေးကွက်မပွင့်လို့ …. အမျိးမျိုး အကြောင်းပြတာပေါ့…. အဲဒါ Ponzi Scheme..
Pyramid က တကယ်တမ်းကျတော့ Organization Structure အားလုံးက Pyramid ပဲ။ ဒါပေမဲ့ MLM နဲ့ ဆင်တူယိုးမှား Pyramid မှာကျတော့ ၁- အသင်းဝင်ကြေးများမယ်, ၂- ဝင်ဝင်ချင်း ပစ္စည်းတွေ ဝယ်ခိုင်းမယ်, ၃- လစဉ် မဖြစ်မနေ ဝယ်ခိုင်းတာမျိုးရှိမယ် (ပစ္စည်း ဝယ်ခိုင်းတာ တစ်ခုထဲ နဲ့ pyramid လို့ ပြောလို့မရပေမဲ့ အများစုကတော့ အဲ့တိုင်းပဲ ဖြစ်တယ်)။ ၄- ပစ္စည်း အရည်အသွေး က သာမန်လောက်ပဲ ရှိပြီးဈေး ကျတော့လပိုကြီးမယ်, ၅- ဝန်ဆောင်မှုမရှိဘူး, အတင်း လူဆွယ်မယ်, ၆- အမြန်ချမ်းသာမယ် ဆိုပြီး မက်လုံးပေးမယ်, ၇- ပညာပေးစနစ် လုံးဝ မရှိဘူး လူဆွယ် ဈေးရောင်း ပဲ လုပ်ခိုင်းမယ်… ၈- အပေါ်ကလူပဲ ကောင်းစားပြီး နောက်လူတွေ လုပ်လို့မရုဖြစ်သွားမယ်။ ၄/၅ နှစ် ကြာလာရင် လူသစ်တွေက ဆက်လုပ်လို့မရတော့ဘူး။ ဒါမျိုး Company တွေက ကြာကြာလည်း မရပ်တည်နိုင်ပါဘူး.. သူ့ဟာသူ ပြန်ပြန် ပျောက်သွားတာပဲ….

။ ။ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Leave a Reply