ရှေးထုံးရှိသဖြင့်​ သမ္မတနှင့်​အတိုင်​ပင်​ခံ ဓာတ်​ပုံအသုံးပြုပြီးမဲဆွယ်​ခြင်းဟု NLD တုံ့ပြန်

0
233

စက်တင်ဘာ ၂၃
ယဉ်ကေနွယ်

၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများမဲဆွယ်မှုများတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဓာတ်ပုံများဖြင့် မဲဆွယ်ခြင်းသည် ရှေးထုံးတိုင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း NLD ပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောသည်။

“ကျွန်တော်တို့ဟာ ဒီလို ပုံတွေ သုံးစွဲလို့ရတယ် ဆိုတဲ့ ခွင့်ပြုချက်မပေးခင်မှာ ဥပဒေပညာရှင်တွေနဲ့ အထပ်ထပ်ဆွေးနွေးပြီးပါပြီ။ နောက်ပြီး သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာလည်း သမ္မတရွှေစလွယ်တွေ သုံးပြီးတော့ မဲဆွယ်ခဲ့တာ အထင်အရှားပါပဲ။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးဦးဝင်းမြင့်ကလွှတ်တော်​မှာ မေးခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတရုံးဝန်ကြီးကိုယ်တိုင်ဖြေထားခဲ့တဲ့အဖြေတွေလည်းကျွန်တော်တို့ဆီမှာရှိပါတယ်။ အဲ့လိုရှေးထုံးရှိနေတဲ့ အတွက် ကျွန်တော်ဒါကို ရဲရဲရင့်ရင့်နဲ့ လုပ်ပါလို့ ပြောတာပါ” ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

ယနေ့(စက်တင်ဘာ ၂၃) ညနေပိုင်းက နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များတည်းခိုနေထိုင်သည့် စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်သည့် NLD ပါတီ၏CEC အစည်းအဝေး အပြီးတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဒေါက်တာမျိုးညွှန့်မှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တာမွေမဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆွယ်ရာတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဓာတ်ပုံများဖြင့် မဲဆွယ်ခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားထားသည်​။

ထို့သို့ ကန့်ကွက်မှုများရှိနေသည့်အပေါ် ဒေါက်တာမျိုးညွှန့်က “ကျွန်တော်တို့ဟာ အင်မတန်သတိထားပြီးတော့ သမ္မတကြီးဦးဝင်းမြင့်ရဲ့ပုံမှာ အုပ်ချုပ်ရေးအာဏာရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ရွှေစလွယ်မပါတဲ့ပုံပဲ သုံးရမယ်လို့ စနစ်တကျညွှန်ကြားထားပါတယ်။ ဥပဒေနဲ့ လွှတ်ကင်းကြောင်း စိတ်ချယုံကြည်တဲ့အတွက် ကျွန်တော်တို့ ဆက်လက်ပြီးတော့ ရဲရဲရင့်ရင့်သုံးမှာပါ”ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအား နိုဝင်ဘာလ ၃ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လက်​ရှိအချိန်​သည်​ မဲဆွယ်​ကာလဖြစ်​သည်​။

လစ်​လပ်​​နေသည့်​​ လွှတ်​​တော်​ကိုယ်​စားလှယ်​​နေရာ စုစု​ပေါင်း ၁၃ ​နေရာရှိသည်​။

ထို့ပြင် ဥပဒေအရ ချိုးဖောက်မှုများ၊ လူမျိုးရေး၊ဘာသာရေးလှုံ့ဆော်နေမှုများအား ဥပဒေ​အရ​ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီအား မမှန်မကန်စွပ်စွဲနေမှုများအား ကြေညာချက်များထုတ်ပြန်၍ ပြန်လည်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ပြောသည်။

Leave a Reply