NSCN-K နာဂအဖွဲ့အား ၂၁ရာစုပင်လုံအစည်းအဝေးသို့ တက်ရောက်ရန် အစိုးရတရားဝင်ဖိတ်ကြား

0
195

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ၊၂၀၁၇

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K)အား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစု ပင်လုံတတိယအစည်းအဝေး သို့တက်ရောက်ရန် အစိုးရကတရားဝင်ဖိတ်ကြားခဲ့ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်အ ဖွဲ့ဝင်ဦးအောင်စိုးကပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် NSCN-K အဖွဲ့မှ ကိုယ်စားလှယ်များသည် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနတွင်တွေ့ဆုံခဲ့ပြီး တရားဝင်ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်စိုးကပြောဆိုသည်။

“အစိုးရအနေနဲ့ပင်လုံအစည်းအဝေးကိုလေ့လာသူအဖြစ်တက်ရောက်ဖို့ တရားဝင်ဖိတ်ကြားခဲ့တယ်။ သူတို့ဘက်က လည်းတက်ဖို့ ဆန္ဒရှိပါတယ်”ဟု ဦးအောင်စိုးကပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင်ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဥက္ကဋ္ဌဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး NSCN-K ဘက်မှငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌဦးအန်ကန့်၊ ဗဟိုကောင်စီဝင် ဦးကျော်ဝမ်းစိန်၊ ဦးစောထင်နှင့် ရုံးအဖွဲ့များ တက်ရောက် ခဲ့ကြကြောင်း ငြိမ်းချမ်းရေးကော်မရှင်ဘက်ကသတင်းထုတ် ပြန်ထားသည်။
ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံဖြိုးရေးကိစ္စများကိုဆွေးနွေးခဲ့ ကြောင်း ဦးအောင်စိုးကပြောသည်။

“ကျွန်တော်တို့အစိုးရလက်ထက်မှာငြိမ်းချမ်းရေးနဲ့ဆက်စပ်ပြီးတော့ ဆောင်ရွက်နေတဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့၊ ဒေသတွင်းလျှပ်စစ်မီးရရှိဖို့ကိစ္စတွေကို ဆက်စပ်ဆွေးနွေးခဲ့ပါတယ်”ဟု ၎င်းကပြောသည်။

NSCN-Kသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခဲ့သော်လည်း ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေးနှင့် NCAလက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့သည့်အဖွဲ့ ဖြစ်သည်။

၂၀၁၇နှစ်ဆန်းပိုင်းက ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် NSCN-K တို့တွေ့ဆုံဆွေးနွေး ခဲ့ပြီး အစိုးရမှNCAစာချုပ်တွင်လက်မှတ်ရေးထိုးရန် ကမ်းလှမ်းထားသည်။

“ကျွန်တော်တို့ဘက်က သဘောထားကတော့ အိန္ဒိယဘက်မှာရှိတဲ့ နာဂလူမျိုးတွေရော မြန်မာဘက်မှာရှိတဲ့နာဂလူမျိုး တွေကိုရော လွှမ်းခြုံနိုင်တဲ့နိုင်ငံရေးအနေအထားရမှ NCAမှာလက်မှတ် ရေးထိုးနိုင် မယ်”ဟု NSCN-K ဗဟိုကောင်စီဝင် ဦးကျော်ဝမ်းစိန်ကဒီဇင်ဘာ ၁၂ရက်နေ့က ပဉ္စမလှိုင်းသို့ပြောဆိုထားသည်။

NSCN-Kအဖွဲ့အနေဖြင့် ယခင်ကျင်းပခဲ့သည့်ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံအစည်းအဝေးနှစ် ကြိမ်တွင်တက်ရောက် ခဲ့ဖူးခြင်းမရှိသည့်အဖွဲ့ဖြစ်သည်။

ကိုဥာဏ်

Leave a Reply