ရွှေတိဂုံစေတီတော်ကြီးတွင် ကပ်လှူထားသည့် ရွှေသင်္ကန်းစစ်ဆေးခြင်းသည် နိုင်ငံရေးအမြတ်ထုတ်ခြင်းမဟုတ် ဟု သူရဦးအောင်ကိုပြော

0
187

စက်တင်ဘာ ၂၇
ယဉ်ကေနွယ်

ရန်ကုန်မြို့တွင်ရှိသည့် ရွှေတိဂုံစေတီတော်ကြီးတွင် ကပ်လှူထားသည့် ရွှေသင်္ကန်းအား ပြန်လည်စစ်ဆေးခြင်းသည် နိုင်ငံရေးအမြတ်ထုတ်ခြင်းမဟုတ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောသည်။

“ရွှေမိုက်ပြန်ထုတ်ပြီးရွှေပါဝင်မှုနှုန်းကို ပြန်စစ်ရမှာဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ်ဖြစ်ပါတယ်။ ဘယ်ပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းတွေကိုမှ ထိခိုက်နစ်နာစေလိုတဲ့သဘောမရှိပါဘူး။နောက်နိုင်ငံရေးအမြတ်ထုတ်မှုလည်းမရှိပါဘူး။ နိုင်ငံရေးအမြတ်ထုတ်ဖို့လည်းမလိုပါဘူး။ ရွှေတိဂုံစေတီတော်ကြီးနဲ့ ပတ်သက်လို့ရှိရင် ဘက်စုံတောက်လျှောကိုင်ပင်ညှိနှိုင်းပြီးတော့ ဂေါပကအဖွဲ့သစ်တွေနဲ့လုပ်နေတာ တိုးတက်မှုတွေလည်း ကဏ္ဍဆပါင်းစုံနေရာပေါင်းစုံတွေ့ရမှာဖြစ်ပါတယ်” ဟု သူရဦးအောင်ကိုကပြောသည်။

ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ၂၀၁၈ ခုနှစ်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားအပြီးတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရွှေမဲသည့်ကိစ္စအား နိုင်ငံတကာဧည့်သည်များမှ ထောက်ပြကြောင်း၊အကြီးအကဲများမှလည်းထောက်ပြကြောင်း၊ ပြည်တွင်းဘုရားဖူးများမှလည်းထောက်ပြကြောင်း ၎င်းကပြောသည်။

“ထောက်ပြတဲ့အခါကျတော့ သက်တမ်းပြန်ကြည့်လိုက်တော့ သက်တမ်းက ၁၅ နှစ်အာမခံထားတယ်။ ၁၅ နှစ်ဆိုတဲ့အခါကျတော့ ၂၀၀၈-၂၀၀၉ မှကပ်ခဲ့တာ ဆိုတော့ ၂၀၂၃-၂၀၂၄ ကျမှ ရွှေမိုက်ပြန် ထုတ်ပြီးမှ ရွှေသင်္ကနိးအသစ်ပြန်ကပ်ရမယ်ပေါ့။ သို့သော်လည်း လေးငါးနှစ်စောပြီး ငြမ်းဆင်ပြီး ရွှေမိုက်ပြန်ထုတ်ပြီးမှ ရွှေပါဝင်မှုနှုန်းကိုပြန်စစ်ရမှာဖြစ်ပါတယ်”ဟု သူရဦးအောင်ကိုကပြောသည်။

ရွှေသင်္ကန်းခွာယူနိုင်ရေးအတွက် လက်ရှိတွင် ငြမ်းဆင်မှုများလုပ်ဆောင်လျှက်ရှိပြီး လာမည့် အောက်တိုဘာလတွင် ခွာယူမှုများပြုလုပ်၍ ရွှေပါဝင်မှုနှုန်းအားစစ်ဆေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးမှ ရရှိသည့်အလှူငွေများသည်လည်း အဆမတန်တိုးတက်မှုရရှိကြောင်း၊စေတီတော်သို့လာရောက်ဖူးမြှော်သည့် နိုင်ငံခြားသား ဧည့်သည်များအား သန့်စင်ခန်းထားရှိပေးမှုသည် 5 star ဟိုတယ်သန့်စင်ခန်းကဲ့သို့ထားရှိပေးကြောင်း၊ ပြည်တွင်းမှ ဧည့်သည်များအတွက်လည်း 3 starဟိုတယ်မှသန့်စင်ခန်းကဲ့သို့ထားရှိပေးကြောင်းလည်း သိရသည်။

ထို့ပြင်စေတီတော်မြတ်ကြီးအား လုံခြုံမှုအပြည့်အ၀ရရှိစေနိုင်ရန်အတွက် ရည်မှန်းချက် သုံးရပ်ဖြင့်ထာဝရတည်တံ့ခိုင်မြဲစေရန်လုပ်ဆောင်ထားကြောင်းလည်း သူရဦးအောင်ကိုကပြောသည်။

Leave a Reply