အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ကျပ်သာ သတ်မှတ်ရန် ဆုံးဖြတ်

0
177

နေပြည်တော်၊ဒီဇင်ဘာ ၂၉၊ ၂၀၁၇

အလုပ်သမားအဖွဲ့အစည်းများမှ အနိမ့်ဆုံးလုပ်ခလစာကို တစ်ရက်လျှင် ၅၆၀၀ကျပ်ဖြင့် သတ်မှတ်ရန် တောင်းဆိုထားသော်လည်း ၄၈၀၀ကျပ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီဇင်ဘာ ၂၉ရက်နေ့တွင် ပြောကြားလိုက်သည်။

နေပြည်တော်ရှိ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၂၉ ရက်နေ့ က ကျင်းပ ပြုလုပ် သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထကြိမ်မြောက် ညှိုနှိုင်းအစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး မှ မီဒီယာများ မေးမြန်းချက်တွင် ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ အနိမ့်ဆုံး လုပ်ခ လစာကို ၄၈၀၀ သတ်မှတ်ပါတယ် ။ အနည်းဆုံး အလုပ်သမား အရေအတွက်ကတော့ ၁၀ ဦး နှင့် အထက် သတ်မှတ် လိုက်ပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ် မခွဲခြားပဲနဲ့တစ်ပြည်လုံး တစ်နိုင်ငံလုံး တပြေးညီ သတ်မှတ်တာ ဖြစ်ပါတယ်။ ယခင်က ၃၆၀၀ ဆိုတဲ့အခါကျတော့ အခု ၁၄၀၀ လောက်တိုးသွားတဲ့အနေအထား ဖြစ်ပါတယ် ။ ဒီလို သတ်မှတ်ခြင်းအားဖြင့် အလုပ်သမားတွေလည်းပဲ လက်ခံနိုင်မဲ့အနေအထားဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အနိမ့်ဆုံးလုပ်ခလစာကို စဉ်းစားတွက်ချက်ရာတွင် အိမ်နိးချင်းနိုင်ငံများ၏ လုပ်ခလစာနှုန်းထားများ၊ GDP၊ ငွေကြေးဖောင်းပွမှုနှုန်း စသည့်အချက်များ ကို အခြေခံပြီး ပညာရှင်၊ အလုပ်ရှင်၊ အလုပ်သမာများ၏ သဘောထားများ အား ခံယူပြီးနောက် အောက်ခြေတွင် ကွင်းဆင်းသည့် အချက်အလက်များ အပေါ် မူတည်ကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။

အနိမ့်ဆုံးလုပ်ခ လစာ နှင့် အလုပ်သမားဦးရေ သတ်မှတ်မှုအပေါ် ကြေညာချက်ကို လုပ်သားပြည်သူတွေအားလုံး တိုင်းရင်းသားများ အားလုံးသိအောင် ထုတ်ပြန်ကြေညာ သွားမည်ဟုသိရသည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်များကို ရက်ပေါင်း ၆၀အတွင်း အလုပ်ရှင်က သော်လည်းကောင်း၊ အလုပ်သမားကသော်လည်းကောင်း မကျေနပ်ပါက ပြန်လည်တင်ပြနိုင်ကြောင်း တင်ပြမှုအပေါ် အမျိုးသားကော်မတီက ပြန်လည်စိစစ်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ထင်တယ် အလုပ်သမားတွေကျေနပ်မှာ မဟုတ်ဘူး။ ဒီ ၄၈၀၀ သတ်မှတ်တာကို ဒါပေမဲ့လည်း ကျွန်တော်တို့ဆွေးနွေးထားတဲ့ အချက်လေးတွေလည်းရှိတယ်။ ဥပမာ ကျွန်တော်အဆိုတင်သွင်းထားတာ က နှစ်တိုးကြေးကို လုပ်ခလစာ ၅% နဲ့ နှစ်တိုးကြေးတိုးပေးပါ နှစ်တိုးကြေး အပြင် ကျွမ်းကျင်ကြေး ကိုလည်းထည့်ပေးရမယ်ဆိုတဲ့အကြောင်း ထပ်ပြီးတော့ပြောထားပါတယ်။ လောလောဆယ် အလုပ်သမားတွေ အနေနဲ့ ဒီနှုန်းထားကို ကာလတခုအနေနဲ့ ကျင့်သုံးသွားလိမ့်မယ်လို့တော့ ထင်တယ်။ ဒီကာလ တခုပြီးလို့ အဆင်မပြေနိုင်ရင် အကြောင်းတော့ ပြန်ပေါ်လာမှာပေါ့။ စောင့်တော့ကြည့်ရမှာပေါ့။ မိခင်အဖွဲ့ချုပ်က ဘယ်လို လာမလဲဆိုတာ မသိရသေးဘူး။ မိခင်အဖွဲ့ချုပ်ရယ် အလုပ်သမားထုရယ် သူတို့ပေါ်မှာ မူတည်ပြီး ဆက်လှုပ်ရှားသွားမှာပါ”ဟု အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်သမား ကိုယ်စားလှယ် ဦးနော်အောင်က ပြောသည်။

လုပ်ငန်းရှင်များဘက်မှလည်း အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ် မပေးနိုင်ကြောင်း အစည်းအဝေးတွင် ကန့်ကွက်ခဲ့ပြီး ကျန်သည့် လုပ်ငန်းရှင်များနှင့် တိုင်ပင်ညှိုနှိုင်းကာ ကန့်ကွက်မှုများပြုလုပ် သွားမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သည့် ကုန်ထုတ် လုပ်ငန်းကိုယ်စားလှယ် ဒေါ်ခီုင်ခိုင်နွယ်၏ ပြောကြားချက်အရ သိရသည်။

“ သတ်မှတ်တာကို ကျွန်မတို့လုပ်ငန်းရှင်ဘက်က ကန့်ကွက်ခဲ့ပါတယ်။ တရားဝင်လည်း ကန့်ကွက်ခဲ့ပါတယ်။ ကျွန်မတို့မတတ်နိုင်တဲ့ဈေးပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်ပိတ်ရက်မှာ လုပ်ခပေးရတာမျိုးအချိန်ပိုခိုင်းတဲ့အခါ သူများနိုင်ငံထက်ကို ၂ ဆ ပေးရတာမျိုး ဒါတွေက အစ ကျွန်မတို့ဝန်လေးပါတယ်။ ပြီးတော့ အခွန်တွေ စရိတ်တွေက သူများနိုင်ငံနဲ့ယှဉ်ရင်ပိုကြီးပါတယ်။ ပြည်တွင်းထုတ်လုပ်မှု စရိတ်ကြီးပါတယ်။ လျှပ်စစ်ဓာတ်အားအပြည့်အ၀ မရတဲ့အခါ အပြင် စွမ်းအင် ၀ယ်သုံးရတာလည်းဈေးကြီးပါတယ်။ သယ်ယူပို့ဆောင် စရိတ်တွေလည်းဈေးကြီးပါတယ်”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

လက်ရှိသတ်မှတ်ထားသည့် တစ်ရက်လုပ်ခလစာ ၃၆၀၀ကျပ်မှာ ယခင် အစိုးရ လက်ထက်က သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် လုပ်ခလစာ အကြောင်းအရာ အပါအ၀င် အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများအတွက် ဆန္ဒဖော်ထုတ် မှုများ မကြာခဏ ဖြစ်ပေါ်လျှက် ရှိသည်။

ယဉ်ကေနွယ်

Leave a Reply