လုပ်ငန်းရှင်များ၏ အသံကို အသိအမှတ်မပြုပါက နိုင်ငံ့စီးပွားရေးအရွေ့အတွက်​ စိုးရိမ်စရာ အခြေအနေ တစ်ရပ်ဖြစ်လာမည်ဟုဆို

0
134

စက်​တင်​ဘာ ၃၀
ဝေဝေဖြိုး

လက်ရှိ အခွန်ကိစ္စ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များဘက်မှ ပြောဆိုနေကြသော အသံများကို ဆုံးဖြတ်ချက်ချသည့် အစိုးရပိုင်းအနေဖြင့် အသိအမှတ်မပြုပါက နိုင်ငံ့ စီးပွားရေးအရွေ့အတွက် စိုးရိမ်စရာ အခြေအနေ တစ်ရပ်ဖြစ်လာမည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံဖြိုးတိုးတက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်ကပြောသည်။

စက်​တင်​ဘာလ ၂၉ရက်​က ကုန်သည်စက်မှုအသင်းချုပ်တွင်​ ပြုလုပ်​သောမြန်မာနိုင်ငံ၏အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက် ဖြစ်သည့် iMyanmarHouse.comမှ ကြီးမှူး၍ “မြန်မာ့ စီးပွာရေး ဘာလဲ ဘယ်လဲ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင်​ ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရပိုင်းအနေဖြင့် အခွန်လျော့ပေါ့ရေးဆိုင်ရာ ကိစ္စရပ်များနှင့်​ နိုင်ငံခြားသား အရောင်းအဝယ် ဆောင်ရွက်နိုင်​ရေးအား အလျင်အမြန် အကောင်ထည်ဖော်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကာ လုပ်ကိုင်ဆောင်ရွက်မှုများကြန့်ကြာနေပါက စီးပွားရးနှေးကွေးမှုများရှိလာနိုင်ပြီး လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုများရှိလာနိုင်မည်ဟုဆိုသည်​။

“ဆုံးဖြတ်ချက်ချတဲ့သူတွေအနေနဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ အသံတွေလည်း နားထောင်ပေးပါဦး။ လုပ်ငန်းရှင်တွေရဲ့ အသံက တကယ့်​ရင်တွင်းက ခံစားချက်တွေပါ၊ လိမ်ပြီး ငိုပြနေတာ မဟုတ်ပါဘူး။ အားလုံးက တစ်ကယ်ခံစားနေရလို့ တစ်သံထဲ ထွက်နေတာပါ။ ဒီအသံကို အသိအမှတ်မပြု ဘူးဆိုရင်​ မပြောင်းလဲဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ အရွေ့က တော်တော်စိုးရိမ်စရာ အခြေအနေတစ်ရပ်လို့ ကျွန်တော်မြင်ပါတယ်။”ဟု ၎င်းကပြောသည်။

အိမ်ခြံမြေအရောင်းအဝယ်ကဏ္ဍကို ပြန်လည်သုံးသပ်မည်ဆိုပါက လေးနှစ်တာကာလအတွင်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာသည့် အခြေအနေကိုသာ တွေ့ရှိရသည်​ဟုဆိုသည်​။

အိမ်ခြံမြေကဏ္ဍသည်​ အရေးပါသည့် လုပ်ငန်းကဏ္ဍတစ်ခုတွင် ပါဝင်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းမှ လုပ်ငန်းရှင်များ တောင်းဆိုနေကြသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည် စီးပွားရေးတွင် တစ်ဖက်တစ်လှမ်း အထောက်အကူဖြစ်လာနိုင်မည်ဖြစ်သကဲ့သို့ ကွန်ဒိုမီနီယမ် ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ခွင့်ပြုခြင်းအားဖြင့် တိုင်းပြည်သို့ နိုင်ငံခြားငွေကြေးများ ဝင်ရောက်လာမည်ဖြစ်သဖြင့် တစ်ဖက်တစ်လှမ်းမှ ကြုံတွေ့နေရသည့် ငွေကြေးမတည်ငြိမ်မှုဆိုင်ရာ ပြဿနာများကိုလည်း ဖြေရှင်းလာနိုင်မည်ဖြစ်သည်​။

“အိမ်နီးချင်းနိုင်ငံတွေထက်စာရင် စီးပွားရေးက အများကြီး နောက်ကျကျန်ခဲ့ပြီ။ ဒီထက်ပိုပြီး ကျမသွားဖို့အရေးကြီးပါတယ်။ ဒီထက်ပိုပြီးစီးပွားရေးကျမသွားဖို့မှာ အစိုးရလုပ်ရမယ့် အပိုင်းတွေရှိတယ်​။ အစိုးရက အဓိကတော့ ဒေါ်လာများများ ဝင်လာအောင် လုပ်ပေးရမယ်။ ဒေါ်လာဝင် လာမယ့် နည်းလမ်းတွေရှိတယ်။ နိုင်ငံခြားရင်းနင်္ှိးမြှပ်နှံမှုတွေ ဝင်လာအောင် ဆွဲဆောင်ဖို့လိုတယ်။ ဝန်ကြီးဌာနအားလုံးကလည်း တိုင်းပြည်စီးပွားရေးတိုးတက်အောင် ဖိတ်ခေါ်ဖို့လိုတယ်။ ရေနံဆိုရင် အရင်အစိုးရလက်ထက်တုန်းက အများကြီးဖိတ်ခေါ်တဲ့အတွက် ရေနံအများကြီး ဝင်လာတယ်။ ဒီနေ့ရေနံကုမ္ပဏီတွေ တစ်ခုပြီး တစ်ခုပြန်ထွက်နေတယ်။ ဒါတွေကိုဆွဲဆောင်ဖို့လည်း လိုသေးတယ်။”ဟု Smart Group of Company ၏ ဥက္ကဌ ဦးကျော်ကျော်လှိုင်က ထောက်ပြပြောဆိုသည်။

အစိုးရပိုင်းအနေဖြင့် ကဏ္ဍတိုင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်၍ တိုင်းပြည်အတွက် အရေးကြီးသော အချက်များဖြစ်​သည့်​ အိမ်ခြံမြေကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍ စသည်တို့ မှာ နိုင်ငံတော်အတွက် အမှန်တကယ်အရေးပါသည့် အချက်များဖြစ်ခြင်းကြောင့် ဦးစားပေးအနေဖြင့် အကောင်အထည်ဖော်ပေးမည်ဆိုပါက တိုင်းပြည်တစ်ခုလုံး၏ စီးပွားရေးမှာ များစွာ ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရငွေကျပ် ဘီလီယံ ၂၀၀၀၀ ကျော်ရှိပြီး သုံးငွေသည် ကျပ်ဘီလီယံ
၂၄၀၀၀ ကျော်ရှိနေသဖြင့် ဘတ်ဂျက်လိုငွေမှာ ကျပ်ဘီလီယံ ၅၀၀၀ နီးပါးရှိနေ၍ မြန်မာ့ စီးပွားရေး အပေါ် အကျိုးသက်ရောက်မှုရှိနေခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသလောက် ဝင်ရောက်လာမှုမရှိခြင်း၊ ဝင်ရောက်ပြီးသား ပြည်ပရင်းနှီးမြှုပ်နှံမှုအချို့ ပြန်ထွက်သွားခြင်း၊ ပြည်ပ ပို့ကုန် လျော့ကျခြင်း၊ စက်ရုံအချို့ ရပ်နားသွားပြီး ကုမ္ပဏီကြီးများပင် ရပ်တည်ရန် ခက်ခဲနေခြင်း၊ ဒေါ်လာဈေးနှင့် ရွှေဈေးစံချိန်တင် မြင့်တက်ခြင်း၊ စက်သုံးဆီ၊ စားသုံးဆီ၊ သောက်ရေသန့်၊ ဆေးဝါးပစ္စည်း၊ အဝေးပြေးလိုင်းခများ အပါအဝင် အခြေခံ စားသောက်ကုန် ပစ္စည်းများဈေးတက်ခြင်း စသည်တို့သည်​ စီးပွားရေးလောက၌ အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများဖြစ်​ကြောင်း သိရသည်။

ထို့ပြင်​ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ကုစားနိုင်​မည့် နည်းလမ်းများအား ညှိနှိုင်းဆွေးနွေးထားသော အချက်အလက်များကို စာတမ်းအဖြစ်ပြုစုကာ နိုင်ငံတော်အစိုးရသို့ အောက်တိုဘာလအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply