လင်မယားချင်းစကားများကာ မီးရှို့၍ ထွက်ပြေးသူ သေဆုံးလျှက်တွေ့ရှိ

0
202

အောက်တိုဘာ ၁
နိုင်လင်းဦး

မန္တလေးခရိုင် အမရပူရမြို့နယ် မြစ်ငယ်မြို့မ ဓနုံးကျေးရွာတွင် စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီကျော်အချိန်က လင်မယားချင်းစကားများကာ မီးရှို့ရာမှ မီးလောင်ခဲ့မှုတွင် မီးရှို့ထွက်ပြေးသူအား သေဆုံးလျှက်တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဓနုံးကျေးရွာမှ ရဲလင်းဦး (၃၈) နှစ်သည် အရက်သေစာသောက်စား၍ မူးလာကာ ၄င်း၏ ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး မွေ့ယာအား ဓာတ်ဆီလောင်း မီးရှို့ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

“မနက်ကပဲ မီးရှို့သူကို သေဆုံးလျှက်ပဲတွေ့တယ် ။ မီးရထားကြိတ်သွားတာဖြစ်နိုင်တယ် ။ ခုတော့ သေမှုသေခင်းနဲ့ ရေးဖွင့်သွားဖို့ဆောင်ရွက်နေတယ်” ဟု မြစ်ငယ်ရဲခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

သေဆုံးသူအား ယဉ်တော်စံကျေးရွာ ရွှေယက်တော်ဘုန်းကြီးကျောင်းအနောက်ဘက် ကွင်းအမှတ်(၆၂၁) ရန်ကုန် – မန္တလေးမီးရထားလမ်းမိုင်တိုင်အမှတ် G1/0614 တွင် ခြေထောက်နှစ်ဖက်နှင့် လက်တို့တွင် အရိုးကျိုးကြေဒဏ်ရာများဖြင့် တွေ့ရှိရခြင်းဖြစ်သည်။

မီးရှို့လိုက်သည့်အတွက် (၁၅ × ၁၅) ပေ သွပ်မိုး ထရံကာ (၁) ထပ် နေအိမ် (၂) လုံး၊(၁၂ × ၂၄) ပေ သွပ်မိုး ထရံကာ (၁) ထပ်နေအိမ် (၂) လုံး၊ (၂၅ × ၁၅) ပေ သွပ်မိုး ထရံကာ (၁) ထပ် နေအိမ် (၁) လုံး စုစုပေါင်း နေအိမ် (၅) လုံး နှင့် မီးဖိုချောင် တစ်လုံး မီးလောင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၁၆၂၄၀၀၀) ကျပ်ရှိကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးဌာန က သိရသည်။

ယင်းအမှုမှ မီးရှို့သူ ရဲလင်းဦး မှာ ထွက်ပြေးတိမ်းရှောင်နေပြီး ၄င်းအား အမရပူရမြို့နယ် မြစ်ငယ်ရဲစခန်းတွင် (ပ) ၄၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ (၄၃၆) ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply