ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးအဆောက်အဦကို ခမ်းနားထည်ဝါစွာ တည်ဆောက်မည် ဟု ဝန်ကြီးချုပ်ပြော

0
175

အောက်တိုဘာ ၁
ပဉ္စမလှိုင်း

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးအဆောက်အဦကို ခမ်းနား ထည်ဝါစွာဖြင့်ထူထောင်ရန် လာမည့်အောက်တို ဘာဘတ်ဂျက်တွင် စတင်သုံးစွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

ယနေ့နံနက် ပိုင်းက ရန်ကုန်မြို့ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်၌ ကျင်းပသည့် ( ၅၄) နှစ် မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ အခမ်းအနား၌ အဖွင့်အမှာစကားပြောကြားစဉ် အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးကိုလဲ ကျွန်တော်တို့ စနစ်တကျ ထူထောင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပါ တယ်။ ကျွန်တော်တို့တိုင်းအတွင်းမှာ ပြည်သူလူထုကနေပြီးတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးကြီးရုံးဆိုတာကို ယုံကြည်ကိုးစားဖွယ်ရာ ရုံးတစ်ခုအနေနဲ့ ထူထောင်သွားမှာဖြစ်ပါတယ်။ ဒီရုံးကြီးဟာ ငါတို့တိုင်းရဲ့ တည်ငြိမ်အေး ချမ်းမှု၊ တရားဥပဒေ စိုးမိုးမှု တွေကိုဆောင်ရွက်ပေးနေတဲ့ သူတွေရဲ့ စုစည်းရာနေရာတစ်ခု အဖြစ်နဲ့ ယုံကြည် လေးစားမှုကိုရအောင် ကျွန်တော်တို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဒီအဆောက်အဦကြီးကိုလဲ တကယ့်ကို ခမ်းနား ထည်ဝါတဲ့ အဆောက်အဦကြီးဖြစ်ဖို့ အခု ဒီလာမယ့် အောက်တိုဘာ ဘတ်ဂျက်မှာ စတင်သုံးစွဲသွားမှာဖြစ်ပါ တယ်” ဟုဝန်ကြီးချုပ်ကပြောကြားသည်။

အဆိုပါအဆောက်အဦကို လွှတ်တော်ဝင်းမှ ရှင်စောပုလမ်းဘက်ကို မျက်နှာမူပြီး တည်ထောင်သွား မည် ဖြစ်ပြီး ခမ်းနားထည်ဝါစွာဖြင့် ရန်ကုန်မြို့လယ်ခေါင်တွင် ဂုဏ်သိက္ခာရှိစွာ ဖြင့်ရပ်တည်နိုင်ရန်နှင့် ရန်ကုန်တိုင်း တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်ပေးနေသည့် ရုံးတစ်ရုံးအဖြစ် ရပ်တည်သွားနိုင် ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၎င်းကဆက်လက်ပြောသည်။

“ရဲတပ်ဖွဲ့တွေရဲ့ဆောင်ရွက်နေတဲ့ အခြေအနေ၊ ရဲတပ်ဖွဲ့တွေနဲ့ လက်ရှိပြည်သူ လူထုရဲ့ အနေအထား တွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အင်အား၊ အုပ်ချုပ်ရေး ယန္တရား အင်အား နဲ့ ပြည်သူလူထုရဲ့ တိုးပွားလာတဲ့ လူဦးရေတိုးပွားလာမှု အခြေအနေတွေနဲ့ ယှဉ်မယ်ဆိုရင် အချိုးညီမျှတမှုမရှိပါဘူး။ ကျွန်တော်တို့ဘက်ကနေနည်းပညာ စွမ်းအားနဲ့ ဒီအခြေအနေတွေကို စွမ်းဆောင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ကျရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့ တိုင်းအတွင်းမှာ လုံခြုံ စိတ်ချပြီး ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကိုမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကနေ ရရှိကျရမှာဖြစ်ပါတယ်။ ဒီလိုရနိုင်ဖို့အတွက်လဲ ကျွန်တော်တို့ ကြိုးစားကျရမှာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ တိုင်းအတွင်းမှာ cctv ကင်မရာတွေ များစွာ တပ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။ အချိန်မရွေး ရဲတပ်ဖွဲ့တွေကနေပြီးတော့ ဒီပေါ်ပေါက်နေတဲ့နေရာကို ချက်ချင်း ထိန်းချုပ်နိုင်ဖို့ အတွက် ကျွန်တော်တို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒီကြိုးစားမှုဟာ လူသားအရင်းအမြစ်အပြင်၊ ကျွန်တော်တို့ နည်းပညာအရင်းအမြစ်တွေနဲ့ ပေါင်းစပ်နိုင်ဖို့အတွက်ဖြစ်ပါတယ်” ဟုဝန်ကြီးချုပ်ကပြောသည်။

လွန်ခဲ့သည့်နှစ်များကိုပြန်လည်ကြည့်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ၏ ရန်ကုန်တိုင်းအတွင်း ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုမှတ်တမ်းတင်ရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များအားလုံးကလည်း ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးမှုများကို ကာကွယ်စောင့်ရှောက်ပြီး ရာဇဝတ်မှုများကိုထိထိရောက်ရောက်နှိမ်နင်းနိုင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက် ကြစေလိုပြီး ရဲတပ်ဖွဲ့မှာသတ်မှတ်ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာရမည့် ကျင့်ဝတ်များကို လိုက်နာကြရန်လိုအပ်ကြောင်း ရဲစွမ်းသတ္တိဖြင့် နိုင်ငံတော်၏အကျိုး၊ ပြည်သူ လူထုအကျိုးကိုစွမ်းစွမ်းတမံ စွမ်းဆောင်နိုင်သည့် ရဲတပ်ဖွဲ့ဝင်များအဖြစ် မိမိဘဝကို ဂုဏ်သိက္ခာရှိသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် ဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်နိုင်ကြရန် ဝန်ကြီးချုပ်ကတိုက်တွန်းပြောကြား ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော် ဥက္ကဌဦးတင်မောင်ဝင်းနှင့် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီိးတရားသူကြီးချုပ် ဦးဝင်းဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

Photo : YRG info

Leave a Reply