ရဲတပ်သားက ဓားထောက်ပြီး ရဲရုံးစာရေးမအိမ်ကို ဝင်ရောက်လုယက်

0
203

မန္တလေး၊ဒီဇင်ဘာ ၃၀၊၂၀၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဆင်နှစ်ကောင်ရပ်ကွက်အတွင်း ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်မှာ ရဲတပ်သားက ဓားထောက်ပြီး ရဲရုံးစာရေးမအိမ်ကို ဝင်ရောက်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ရဲတပ်သားမှာ မြစ်သားမြို့မရဲစခန်း မှ ဖြစ်ပြီး ကျူးလွန်ခံရ သူမှာ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး က စာရေးမဖြစ်ကြောင်း ကျောက်ဆည်မြို့မ ရဲစခန်းက သိရသည်။

အခင်းဖြစ်သော နေအိမ်တွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စာရေးမနှင့်အတူ အမျိုးသမီးကြီးတစ်ဦး ၊ အမျိုးသား တစ်ဦး နေထိုင်ပြီး အမျိုးသားအိပ်နေစဉ်တွင် အမျိုးသမီးများ လည်ပင်းကို ဓားထောက်၍ လက်ဝတ်ရတနာများတောင်းယူခြင်း ၊ ငွေကျပ်သိန်း ၅၀ တောင်းယူခြင်း တို့ပြုလုပ်ခဲ့သည်။

“ကျူးလွန်ခံရသူက ငွေဆယ်သိန်းထုတ်ပေးတယ် ။ အဲ့ဒါနဲ့ အမျိုးသားနိုးလာ တဲ့အချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရပ်ကွက်နေပြည်သူတွေက ဝိုင်းဖမ်းတဲ့အခါ ကျူးလွန်သူကို မိတယ် ။” ဟု ကျောက်ဆည်မြို့မ ရဲစခန်း က တာဝန်ရှိသူတစ်ဦး က ပြောသည်။

ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စာရေးမနှင့် အမျိုးသမီးကြီးတို့တွင် ပြတ်ရှဒဏ်ရာအချို့ရရှိခဲ့ပြီး ကျောက်ဆည်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ရဲတပ်သား အေးကို အား ကျောက်ဆည်မြို့မရဲစခန်းတွင် (ပ) ၉၅၀/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၄၅၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

နိုင်လင်းဦး

ဓာတ်ပုံ – KoKo Han Myo

Leave a Reply