အချုပ်သား ထွက်ပြေးသွားသည့်အတွက် ရဲတပ်သား (၄) ဦးအား ရဲစည်းကမ်းအရ အရေးယူမည်

0
242

မန္တလေး၊ဒီဇင်ဘာ ၃၀၊၂၀၁၇

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် တရားရုံးအချုပ်မှ တရားခံတစ်ဦး ထွက်ပြေးသွားသည့်အတွက် ရဲတပ်သား (၄) ဦးကို ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထောင်ထုတ်တရားခံ ဇင်သူထက် (ခ) ငထက် (ခ) ကိုထက်သည် တရားရုံးအချုပ်မှ ထွက်ပြေးခဲ့ပြီး စစ်ကိုင်းမြို့နယ် ဆားတောင်ကျေးရွာ သံတွဲရပ်ရှိ အဘွားဖြစ်သူနေအိမ်သို့ ထွက်ပြေးခဲ့ကြောင်း သတင်းရသည့်အတွက် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖမ်းစီးခဲ့ရာ ထွက်ပြေးတရားခံကို ည ၁၂ နာရီ ၃၀ မိနစ်ခန့်၌ ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

“တရားခံထွက်ပြေးတာ ဖြစ်တဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ်ကျနိုင် တယ် ။ ဒါပေမယ့် ရဲတရားရုံးရဲ့ ထွက်ပြေးသူ ပြန်မိ၊ မမိပေါ်မူတည်ပြီး လျှော့ပေါ့အမိန့်ချနိုင်တယ်။ နောက်ပြီး ရဲတပ်သားတွေအနေနဲ့ အမှုကို ပလပ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို အသနားခံစာတင်လို့ရတယ် ။” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က ရဲအရာရှိတစ်ဦးက ပြောသည်။

အချုပ်တရားခံ ထွက်ပြေးလွတ်မြောက်မှုနှင့် ပတ်သတ်ပြီး အချုပ်ခန်း သော့ကိုင် ရဲတပ်သား သော်တာဝင်းကျော် ၊ လက်ထိပ်ခတ်ရမည့် ရဲတပ်သား ကျော်မင်းသူ ၊ ရဲတပ်သား အောင်ရမ်း ၊ ရဲတပ်သား သက်ပိုင်စိုး တို့ကို ချမ်းမြသာစည်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply