KTV အား သတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရမိ

0
167

အောက်တိုဘာ ၅
နိုင်လင်းဦး

မန္တလေးမြို့ဟမဟာအောင်မြေမြို့နယ်ရှိ ၃၅လမ်းနှင့် ၅၃လမ်းထောင့်ရှိ World Wide Mandalar KTV အား မူးယစ်ဆေးဝါးသတင်းအရ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၀၀း၃၀ နာရီအချိန်က ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးအချို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

ယင်း KTV အား မရှာဖွေခင်က ကနဦးအနေဖြင့် BRAVE Bar Club အား ရှာဖွေခဲ့ခြင်းဖြစ်သော်လည်း ကလပ်မှာ လွန်ခဲ့သည့် (၃) ရက်ကတည်းက ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ World Wide Mandalar KTV မှ Egypt အမည်ရှိ အခန်းတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ ဆိုင်ဝန်ထမ်း မေဇင်အောင်(ခ) မေဇင်နှင့် လာရောက်သီချင်းသီဆိုနေသောဧည့်သည်များ တွေ့ရှိပြီး မေဇင်အောင်(ခ) မေဇင် ထံမှ မူးယစ်ဆေးဝါး Ketamine (၀.၅)ဂရမ်ပါ တစ်ထုတ် တွေ့ရှိခဲ့သည် ။

၎င်းအား စစ်ဆေးမေးမြန်းရာ ဝိတ်တာ ရဲသူအောင်(ခ) မှေးကြီးထံမှ ဝယ်ယူထားသောပစ္စည်းများဖြစ်ကြောင်း သိရ၍ ရဲသူအောင်(ခ) မှေးကြီးအား ဖမ်းဆီးစစ်ဆေးရာ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်း Viber မှတ်တမ်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ထားသော စာသားနှင့် ဓာတ်ပုံမှတ်တမ်းများအား တွေ့ရှိခဲ့သည် ။

ဝိတ်တာ ရဲသူအောင်(ခ) မှေးကြီး မှာ လုံခြုံရေးဝန်ထမ်း ဂေါ်လေး(ခ) ဇော်ဇော်စိုးထံမှ ဝယ်ယူပြီး မေဇင်အောင်(ခ) မေဇင်ထံ ပြန်လည်ရောင်းချကြောင်း စစ်ဆေးပေါက်ခဲ့သည် ။

ဆက်လက်၍ ယင်း KTV ရှိ 999 (VVIP) အမည်ရှိ အခန်းတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ ပြည့်ဖြိုးအောင်(ခ) ဖုရိယုံနှင့် နေမင်းထွန်း(ခ) ရန်ဆီးရွှီးတို့အား တွေ့ရှိရပြီး ၎င်းတို့နှစ်ဦးထံမှ မူးယစ်ဆေးဝါး Ketamine (၀.၁)ဂရမ်ပါ တစ်ထုတ်နှင့် (၀.၆)ဂရမ်ပါ တစ်ထုတ် စုစုပေါင်း (၀.၇)ဂရမ်အား တွေ့ရှိဖမ်းဆီး နိုင်ခဲ့သည် ။

ထို့နောက် 555 (VVIP) အမည်ရှိ အခန်းရှေ့တွင် တွေ့ရှိသူ ရဲလင်းထက် အား ရှာဖွေစစ်ဆေးရာ ၎င်းထံမှ မူးယစ်ဆေးဝါး Ketamine (၀.၅)ဂရမ်ပါ တစ်ထုတ် ထပ်မံတွေ့ရှိခဲ့ရသည် ။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ မေဇင်အောင်(ခ) မေဇင် ၊ ရဲသူအောင်(ခ) မှေးကြီးနှင့် ဂေါ်လေး(ခ) ဇော်ဇော်စိုး တို့အား မယ (ပ)၃၅/၂၀၁၈ မူး/ယစ်ဥပဒေ ၁၆ (ဂ)/၂၁ ဖြင့် လည်းကောင်း၊ ပြည့်ဖြိုးအောင်(ခ) ဖုရိယုံနှင့် နေမင်းထွန်း(ခ) ရန်ဆီးရွှီးတို့အား မယ (ပ)၃၆/၂၀၁၈ မူး/ယစ်ဥပဒေ ၁၆ (ဂ)/၂၁ ဖြင့် လည်းကောင်း၊ ရဲလင်းထက် အား (ပ)၃၇/၂၀၁၈ မူး/ယစ်ဥပဒေ ၁၆ (ဂ)/၂၁ ဖြင့် လည်းကောင်း အမှတ် (၉) မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည် ။

Leave a Reply