နေရောင်ပြအင်းစေတီတော် ထီးတော်တင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကောလာဟလများအတွက် ဒေသခံများ စိုးရိမ်ခြင်းမရှိ 

0
414

နေပြည်တော်၊ဒီဇင်ဘာ ၃၀၊၂၀၁၇

နေပြည်တော် ၊ ပုဗ္ဗသီရီမြို့နယ် ၊ နေရောင်ပြအင်း ၌ တည်ထားကိုးကွယ် လျှက်ရှိသော နေရောင်ပြအင်းပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ထီးတော်တင်မှုနှင့် ပတ်သက်၍ ကောလဟာလ သတင်းများ ထွက်ပေါ် နေမှုအပေါ် ဒေသခံများက စိုးရိမ်မှု မရှိကြောင်း သိရသည်။

“ ဘုရားထီးတင်ရင် ရေလွှမ်းမယ်ဆိုတာ ကောလဟာလတွေပါ။ အရင်တုန်းကတော့ပြောလေ့ပြောထရှိကြတယ်လေ။ ဒီဘုရား တည်ပြီးလို့ရှိရင် လောကမာရဇိန်ဘုရား စိန်ဖူးတော် ကျအောင်ရေမြုပ် လိမ့်မယ်။ လောကမာရဇိန်ဘုရားရေမြုပ်ရင်တော့ အဲ့နားက ဘာမှ မရှိတော့ဘူး။ ရှေးလူကြီးတွေပြောတာကတော့ အဲ့လိုဖြစ်တဲ့အချိန်ဆို လူတွေ လည်းမရှိတော့ဘူး။ အရိမေတ္တယျ ဘုရားပွင့်တော့မယ့်အချိန် ဆိုရင်တော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အခုအချိန်ကတော့ မဖြစ်နိုင်ပါဘူး။ အဲ့လိုဖြစ်မယ်ဆိုရင်တော့ ဘယ်ထီးတင်ပါ့မလဲ။ ဒီတိုင်းပဲထားမှာပေါ့။ ဘုရားတည်လို့ ရေနစ်ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ရေနစ်မယ်ဆိုတဲ့ တဘောင်ကတော့ မပါသေးဘူး”ဟု ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ ကျေးရွာတွင်နေသည့် ဦးပွဲ ကပြောသည်။

နေရောင်ပြအင်းဘုရား ထီးတော်တင်ပြီးပါက ပျဉ်းမနားတစ်မြို့လုံးရေလွှမ်း မည်ဟု ကောလာဟလ တဘောင်များ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ထွက်ပေါ်လာသည့်အပေါ် ဒေသခံများအားမေးမြန်းရာ စိုးရိမ်မှု မရှိကြောင်း ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။

“တဘောင်ပေါ်လို့ ဘုရားထီးတင်တာလေ။ ထီးတင်လို့ ရေကြီးမယ် ဆိုတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ မိုးတွင်းတုန်းက ၅ ရက် လောက် အမေတို့အိမ်အောက်ကိုရေကြီးသေးတယ်။ ငါးတွေတောင်ပါတယ်။ နောက်ပိုင်းသူ့ဟာသူခမ်းသွားတာပဲလေ။ ဒါလည်းရေကြီးတာပဲလေ။ ယတြာကျေပြီ။ နောက်ဘာမှမဖြစ်တော့ဘူး“ ဟု နေရောင်ပြအင်းဘုရား အနီးရွာမှ ဒေါ်စန်းမြင့် ကပဉ္စမလှိုင်းမီဒီယာ သို့ပြောသည်။

နေရောင်ပြအင်းပြည်လုံးချမ်းသာစေတီတော် မြတ်ကြီးတွင် ဆက်ကပ် ပူဇော်မည့် ရွှေထီးတော်သည် အမြင့် ၂၇ ပေ နှင့် အချင်း ၉ ပေရှိကြောင်း သိရသည်။

နေရောင်ပြအင်း ပြည်လုံးချမ်းသာစေတီတော်ကြီး သည် (၁၀၈) တောင်အမြင့်ဆောင်ကာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတည်းက တည်ထားကိုးကွယ်ခဲ့ပြီး ယခုအစိုးရ လက်ထက်တွင် ပြန်လည် မွမ်းမံပြင်ဆင်ကာ ဇန်န၀ါရီလ ၄ ရက်နေ့ ထီးတော်တင်မည်ဖြစ်ပြီး ဇန်န၀ါရီလ ၅ ရက်နေ့တွင် အရံစေတီ ၈ ဆူ ကို ထီးတင်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့အတူ ဇန်န၀ါရီလ ၅ ရက် နေ့လယ်ပိုင်းတွင်လည်း နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ သံဃာတော်အပါး၂၀၀ ကို နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမှု ပြုလုပ်ကာ ဆွမ်းဆန်စိမ်းများလောင်းလှူသွားမည်ဖြစ်ပြီး ရွှေထီးတော်တင်လှူပွဲ အောင် ပွဲအထိမ်းအမှတ်အဖြစ် ဇန်န၀ါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ဇာတ်သဘင်အဖွဲ့များဖြင့် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

ယဉ်ကေနွယ်

Leave a Reply