“သင့်ပတ်ဝန်းကျင်က လေကို ရှုရှိုက်ယုံနဲ့ ရောဂါရနိုင်တယ်”

0
142

ဒီလိုပြောလိုက်မယ်ဆိုရင် သင်ယုံချင်မှ ယုံပါလိမ့်မယ်။ ဟုတ်ပါတယ်။ သင့်ပတ်ဝန်းကျင်က လေကို ရှုရှိုက်မိယုံနဲ့ ချောင်းဆိုတာကနေ စလို့ ကင်ဆာရောဂါထိ ဖြစ်နိုင်ပါတယ်။

လူတိုင်းလူတိုင်းက နှစ်စဉ် လောင်စာတွေ မီးရှို့ရာကနေ လေထု ညစ်ညမ်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေလို့ပဲ ဖြစ်ပါတယ်။ အများဆုံးကတော့ ကျောက်မီးသွေး၊ ဓာတ်ဆီနဲ့ မော်တော်ကားတွေကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့်ပါ။ ဒါတွေကြောင့် လေထု ညစ်ညမ်းမှုတွေ အများဆုံးဖြစ်နေရတယ်လို့ ဆိုရင်လည်း မမှားပါဘူး။

လောင်စာတွေကနေ ထွက်လာတဲ့ ဓါတ်ငွေ့တွေကနေ အရောင်မဲ့ အဆိပ်အငွေ့အဖြစ်သော်လည်းကောင်း၊ ထူထဲအုံ့မှိုင်းတဲ့ မီးခိုးလုံးတွေအဖြစ်လည်းကောင်း ထွက်ပေါ်လာပါတယ်။ အဲ့ဒီကနေ တဆင့် မျက်စိနာတာတွေ၊ ပန်းနာရင်ကျပ်နဲ့ အဆုတ်ရောဂါတွေကစလို့ ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။ ဒါက သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိထားတဲ့ အချက်တွေပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သွယ်ဝိုက်တဲ့နည်းနဲ့လည်း လူတွေအပေါ် သက်ရောက်မှုရှိပါသေးတယ်။ ဘယ်လိုမျိုးလဲဆိုရင် အပင်တွေရှင်သန်မှုကို ထိခိုက်တာတို့ အသုံးအဆောင်၊ တိုက်တာ၊ အဆောက်အဦတွေ ပျက်ဆီးလွယ်တာတို့၊ ရာသီဥတုကို ဖောက်ပြန်စေတာတို့အပြင် လေထုထဲမှာ ရှိတဲ့ အမှုန်နဲ့ ဓာတ်ငွေ့တွေက သဘာဝအပူချိန်ကို ပြောင်းလဲပြီးတော့ ရာသီဥတုဖောက်ပြန်စေတတ်ပါသေးတယ်။

လေထုညစ်ညမ်းတာတွေ ဖြစ်ပေါ်စေတဲ့အဓိကအချက်တွေကို အရင်ပြောပြသွားပါမယ်။ (၁)ဓာတုပစ္စည်းတွေ အမှုန်အမွှားတွေကို လေထုထဲကိုလွှတ်တာတွေ ၊ (၂) ကာဗွန်မိုနောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ကလိုရိုဖရူရိုကာဗွန်၊ အိုဇုန်းနဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်တို့လို ဓါတ်ငွေ့တွေ လွှတ်တဲ့ စက်ရုံနဲ့ မော်တော်ယာဉ်တွေက မီးခိုးတွေ၊ (၃) အဲ့မီးခိုးတွေထဲက နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ ဟိုက်ဒရိုကာဗွန်တွေက နေရောင်ခြည်နဲ့ ဓါတ်ပြုတာတွေ စတာတွေကြောင့် လေထုညစ်ညမ်းမှုကို ပိုပြီး ဖြစ်စေပါတယ်။

သုတေသန တွေ့ရှိချက်တွေအရတော့ အမေရိကန်၊ ရုရှား၊ မက္ကစီကိုနဲ့ ဂျပန်နိုင်ငံတွေက လေထုညစ်ညမ်းအောင် လုပ်တဲ့ နိုင်ငံတွေထဲမှာ ထိပ်ဆုံးက ရှိနေပါတယ်။ နှစ်စဉ် မထရစ်တန် ၄၀၀မီလီယံ လောက်ထိ အန္တရယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို လူတွေက ထုတ်လွှတ်နေပြီး အမေရိကန်နိုင်ငံတစ်ခုတည်းက မထရစ်တန် ၂၅၀မီလီယံလောက် ထုတ်လွှတ်နေတာပါ။ အမေရိကန်နိုင်ငံက ကမ္ဘာ့လူဦးရေရဲ့ ငါးရာခိုင်နှုန်းလောက်သာ ရှိပေမယ့် ထုတ်လွှတ်တဲ့ ပမာဏက တစ်ကမ္ဘာလုံးရဲ့ ၂၅ရာခိုင်နှုန်းလောက် ရှိနေတဲ့ သဘောပါ။ အခုအခါမှာတော့ အမေရိကန်ကို တရုတ်က ကျော်လွန်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာ လေထုညစ်ညမ်းမှုအတွက် စွန့်ပစ်ပစ္စည်း အထုတ်လွှတ်ဆုံး နိုင်ငံ ဖြစ်လာခဲ့ပါပြီ။

ဒီလို ထုတ်လွှတ်မှုတွေကို ပြန်ပြီး ကာကွယ်ဖို့ ကုလသမဂ္ဂကနေ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားပါတယ်။ အဖွဲ့အစည်းမှာ သိပ္ပံပညာရှင်ပေါင်း ၂၅၀၀ ပါဝင်ပြီး နှစ်စဉ် အစီရင်ခံစာတွေ တင်ပေးရတာပါ။ နောက်ဆုံးတင်တဲ့ အစီရင်ခံစာမှာ အဓိက အကြောင်းအရာနှစ်ခုကို ဖော်ပြထားပါတယ်။

ဒါတွေကတော့ ၁၉၅၀ နောက်ပိုင်းမှာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိက တရားခံက လူသားတွေ ဖြစ်ပါတယ် ဆိုတာရယ် ကျောက်မီးသွေး၊ ရေနံ စတဲ့ ရှေးရုပ်ကြွင်းလောင်စာတွေ အသွင်ကူးပြောင်းဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply