ပြည်​တွင်းထုတ်​ကြွေပြားများ ပိုမိုသုံးစွဲလာစေရန်​အတွက်​ သွင်းကုန်​ကန့်​သတ်​ပေးရန်​ တောင်းဆို

0
284

အောက်​တိုဘာ ၈
ဝေဝေဖြိုး

ပြည်​တွင်းထုတ်​ကြွေပြားမျိုးစုံအနက်​ ( ၁၂”× ၁၂” )နှင့်​( ၁၂”× ၈” )အရွယ်​အစားရှိ Ceramic Tiles အမျိုးအစားတစ်​ခုတည်းကိုသာ သွင်းကုန်​ကန့်​သတ်​ပေးခြင်းနှင့်​ တစ်​ခြားနိုင်​ငံများကဲ့သို့ အခွန်​တိုးကောက်​ခြင်းကို အစိုးရအနေဖြင့်​ စဉ်းစားပေးရန်​ ကျောက်​ပြား လုပ်​ငန်းရှင်​များကိုယ်​စားလှယ်​ ဦးစိုးမင်းသန်းကအောက်တိုဘာ ၆ရက်တွင် ကျင်းပသော ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ နှင့်စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲတွင် တင်​ပြတောင်းဆိုခဲ့သည်​။

ပို့ကုန်​ကဏ္ဍနှင့်​ပတ်​သက်​၍ အချို့ ကျောက်​ပြားစက်​ရုံများမှာ ပြည်​ပနိုင်​ငံများမှသွင်းလာသည့်​ ကျောက်​ပြားများနှင့်​ မယှဉ်​ပြိုင်​နိုင်​ကြောင်း ကုန်​သည်​စက်​မှုအသင်းချုပ်​ ဥက္ကဋ္ဌ ဦးဇော်​မင်းဝင်းကပြောသည်​။

“ပို့ကုန်​ကဏ္ဍနဲ့ပတ်​သက်​လို့ ကျွန်​တော်​တို့ကိုလာတင်​ပြတာ ကျောက်​ပြားစက်​ရုံတွေရှိတယ်​။ အားလုံးဆို အလုပ်​သမား ၁၅၀၀၀ လောက်​ရှိတယ်​၊ နယ်​စပ်​ကသွင်းလာတဲ့ကျောက်​ပြားတွေ ၊တခြားပြည်​ပကသွင်းတဲ့ဟာတွေကို ဘယ်​လိုမှမယှဉ်​နိုင်​ဘူး။ သူတို့ထုတ်​လုပ်​မှုတွေကလဲ တော်​တော်​လေး အရည်​အသွေးကောင်းတာတွေရှိပါတယ်​။ဒါပေမယ့်​မယှဉ်​နိုင်​တဲ့အခါ အဲ့လိုပို့တဲ ပို့ကုန်​သမားတွေကိုလဲ ဘယ်​လို အားပေးလို့ရမလဲ အဲ့တာတွေကိုတင်​ပြပေးပါဆိုလို့ ကျွန်တော်​တို့ လဲ သူတို့ကို စာတမ်းတွေတင်​ခိုင်းထားပါတယ်​”ဟု ၎င်းကပြောသည်​။

လက်​ရှိတွင်​ ပို့ကုန်​ကဏ္ဍ၌ အထည်​ချုပ်​လုပ်​ငန်းမှာ ကောင်းမွန်လျက်​ရှိသော်​လည်း ယင်းကဏ္ဍ တစ်​ခုတည်းကို အားကိုး၍မရသောကြောင့်​ ပို့ကုန်​တိုးမြှင့်​ခြင်းကို အားပေးရမည်​ဟုဆိုသည်​။

” ပို့ကုန်​ကဏ္ဍကိုအားပေးမှဖြစ်​မှာပါ။ အထည်​ချုပ်​က အရမ်းကောင်းပါတယ်​ ဒါပေမယ့်​ ဒါကိုပဲ အားကိုးနေလို့မရပါဘူး။ ဘာလို့ဆို ပို့ကုန်​တိုးမြှင့်​ခြင်းသည်​ ဒေါ်လာ အပြင်​ထွက်​တာ နဲနဲလေးသက်​သာမယ်​။ ပစ္စည်းတွေသွင်းပြီးလုပ်​နေမယ်​ဆိုရင်​ ကျွန်​တော်​တို့အတွက်​အခက်​အခဲရှိပါတယ်​။ ဒါကြောင့်​ ဒါကို အားပေးဖို့ပါ။နယ်​စပ်​က တရားမဝင်​ကုန်​သွယ်​ရေးကိစ္စတွေကိုလဲ ထိန်းသိမ်းနိုင်​မှပါ ကျွန်​တော့်​ကိုနိုင်​ငံခြားသား၂ယောက်​က ဒီတရားမဝင်​ကုန်​သွယ်​မှုတွေကြောင့်​ သူတို့စက်​ရုံတွေမှာ တချို့ပစ္စည်းတွေ ထုတ်​လုပ်​ဖို့အခက်​အခဲဖြစ်​တယ်​ ၊မယှဉ်​သာနိုင်​ဘူးဆိုတဲ့ ပုံစံတွေ လာပြောတာရှိပါတယ်​”ဟု ၎င်းကပြောသည်​။

ပြည်​တွင်း၌ ကျောက်​ပြားစက်​ရုံ ၃ရုံရှိကာ ကြွေပြားထုတ်​လုပ်​မှုသည်​ တစ်​နိုင်​ငံလုံးအသုံးပြုမှု၏ ၅ ပုံ ၁ ပုံခန့်​သာ ရှိပြီး အိမ်​နီးချင်းနိုင်​ငံနှင့်​နှိုင်းယှဉ်​လျှင်​ ပြည်​တွင်းလူတစ်​ဦးချင်းကြွေပြား အသုံးပြုမှုမှာ ၁၀ ဆခန့်​ ကွာဟကြောင်းသိရသည်​။

ထို့ကြောင့်​ နိုင်​ငံခြားပစ္စည်းသုံးစွဲမှုလျော့ချမှသာ ပြည်​တွင်း အလုပ်​အကိုင်​များ ရရှိလာမည်​ဖြစ်​ပြီးပြည်​တွင်းသုံးစွဲမှု တိုးတက်​မှသာ ထုတ်​လုပ်​မှုမြင့်​တက်​၍ ပြည်​တွင်းစက်​ရုံများ တိုးပွားလာမည်​ဖြစ်​သည်​။

ထို့ပြင်​ ကမ်းလွန်လုပ်ကွက် အမှတ် A-6 မှ သဘာဝ ဓာတ်ငွေ့ တွေ့ ရှိမှု နှင့် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် အလားအလာ ကောင်းများရှိခြင်းကြောင့် နိုင်ငံ၏ အနာဂတ် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် မျှော်လင့်ရသဖြင့်​ ပို့ ကုန် တန်ဖိုးကို တိုးမြှင့်နိုင်မည့် အလားအလာများ ရှိကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောသည်။

ပြည်ပ ကုန်သွယ်မှု အခြေအနေကို ကြည့်ပါက၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၃၃ ဒသမ ၅၂၁ ဘီလီယံ အထိ ဆောင်ရွက် နိုင်ခဲ့ပြီးယင်းကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိက ကဏ္ဍ အနေဖြင့် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂၄၀ ဘီလီယံ ရာခိုင်​နှုန်း​အားဖြင့်​ ၈၁ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်​။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်ထိ ကိန်းဂဏန်းများ အရ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ၁၇ ဒသမ ၂၉၇ ဘီလီယံ အထိ ရရှိခဲ့ကာ ယခင်နှစ် အလားတူ ကာလထက် အမေရိကန် ဒေါ်လာ၂ ဒသမ ၃၅၃ ဘီလီယံ ပိုမို ဆောင်ရွက်နိုင်ခဲ့ပြီးယင်းကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိက ကဏ္ဍ အနေဖြင့် အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၈၁၆ ဘီလီယံ ပါဝင်သည့် အတွက် ၈၅ ရာခိုင်နှုန်း အထိ ပိုမို တိုးတက်ဆောင်ရွက်နိုင် သည်ကို တွေ့ ရှိရကြောင်းသိရသည်​။

ပို့ကုန် အနေဖြင့် ၁ ဒသမ ၆၃၂ ဘီလီယံ အထိ ပိုမို ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ အနေဖြင့် အမေရိကန် ဒေါ်လာ သန်း ၉၀၀ ခန့် လျှော့ချ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply