ကွမ်းယာနှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲခြင်း လျော့ချနိုင်ရန် ကွမ်းယာဆိုင်လိုင်စင်အတွက် ညှိနှိုင်းနေ

0
864

အောက်တိုဘာ ၈
မေစု

ကင်ဆာ နှင့် နှလုံးရောဂါ များကို ဖြစ်စေသော ကွမ်းယာနှင့်ဆေးရွက်ကြီး ထွက် ပစ္စည်းသုံးစွဲ ခြင်းလျော့ချနိုင်ရန် ကွမ်းယာဆိုင်လိုင်စင် အတွက် ညှိနှိုင်းနေ ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှသိရသည်။

မြန်မာနိုင်ငံတွင် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပ စ္စည်းသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသော ရောဂါ အန္တရာယ်များကြောင့် သေဆုံးမှုထောင်ချီ ရှိနေခြင်း ကိုလျော့ချရန် များပြားစွာရောင်းချနေသော ကွမ်းယာဆိုင်များအား လိုင်စင်ဖြင့် လုပ်ဆောင်သည်အထိ ညှိနှိုင်းနေသကဲ့သို့ ထိန်းချုပ်မှုများလည်းပြု လုပ်မည်ဟုသိရသည်။

“ဒီပစ္စည်းတွေကို လွယ်လင့်တကူရနေတာကို ထိန်းချုပ်ရမှာဖြစ်ပါတယ်။ ကွမ်းယာဆိုင်တွေ မှိုလို ပေါက်နေလို့ရှိရင် ဈေးနှုန်းသက်သာနေလို့ရှိရင် လွယ်လွယ်ရနေမှာဖြစ်တဲ့အတွက် ထိန်းချုပ်ရမယ်။ လွယ်လင့် တစ်ကူမရမှ ပြတ်မှာဖြစ်ပါတယ်။ ကွမ်းယာသုံးစွဲမှုက မြင့်တက်နေတယ်။ ဆိုင်တွေကလည်း ပိုပိုများ လာတယ်။ ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ မြို့တော်စည်ပင်က လိုင်စင်ထုတ်ပေးမယ် ဆိုရင် ထိန်းချုပ်လို့ရတယ်။ စားသောက်ဆိုင်တွေ ဘီယာဆိုင်တွေကို လိုင်စင်ထုတ်ပေးသလိုမျိုး လုပ်မလားဆိုတာကို ကျွန်တော်တို့ ညှိုနှိုင်းဆောင်ရွက်နေပါတယ်။ ” ဟု ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန မှ ညွှန်ကြားရေးမှူးဒေါက်တာ ကျော်ကံကောင်းကပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်မည့် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲခြင်း အန္တရာယ် နှင့်ရောဂါဖြစ်ပွား သူ များ အကြောင်း ပါဝင်သည့် အမျိုးသားအဆင့်ပညာပေး ကမ်ပိန်းကို လည်းစားသုံးသူလျော့ပါးစေရန် ရုပ်မြင်သံကြား ၊ ရေဒီယို ၊သတင်းစာ များနှင့် ဆိုရှယ်မီဒီယာ များတွင် ထုတ်လွှင့် အသိပညာပေး သွား မည် ဟုသိရသည်။

” စိတ်မကောင်းစရာ က ရုပ်မြင်သံကြား ၊ ရေဒီယို ၊ ပိုစတာ အစီစဉ်တွေ မှာ ပါဝင်တဲ့ လူနာများဟာ အဲ့ဒီ့အစီအစဉ်တွေ ရိုက်ကူးပြီး မကြာခင်မှာ ဆုံးပါးသွားကြတာပါ။ ကွမ်းစားခြင်းက လူ့ဘဝကိုပျက်စီးတဲ့ အထိ ကြောက်စရာကောင်း တဲ့အကြောင်းကို ကောင်းကောင်းကြီး သက်သေပြသွား တာလို့ မြင်ပါတယ်။ “ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်ကပြော သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် နှစ်စဉ်သေဆုံးသူ ခြောက်သောင်းကျော် ရှိနေပြီး အသက်၁၅ နှစ် နှင့်အထက်အရွယ်ရောက် သူ စုစုပေါင်း ၏ ၃၀ရာခိုင်နှုန်း မှာ ခံတွင်း နှင့်လည်ချောင်းကင်ဆာကို အဓိကဖြစ်ပွား စေသည့် ဆေးရွက်ကြီး ငုံခြင်း နှင့် ကွမ်းစားခြင်း ကိုပြုလုပ် နေသည် ဟုသိရသည်။

ကွမ်းစားခြင်းအန္တရာယ်ကြောင့် ကင်ဆာရောဂါဖြစ်ပွားနေသည့် လူနာ လေးဦး အကြောင်း ရိုက်ကူးထားသည့် အသိပညာပေး လှုပ်ရှားမှု ကို အမျိုးသားအဆင့် အနေဖြင့်ယနေ့မှစတင်ကာ ရက်သတ္တပတ် ခြောက်ပတ်ကြာပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။

ယခုပြုလုပ်မည့် အမျိုးသားအဆင့်ပညာပေး လှုပ်ရှားမှုသည် ဒုတိယအကြိမ်ဖြစ် ကာ ပထမအကြိမ် ကို၂၀၁၇ ခုနှစ်တွင် တစ်လခွဲကြာ ပြုလုပ်ခဲ့ ပြီးဖြစ်ရာ ယင်းလှုပ်ရှားမှု မှတစ်ဆင့် ကွမ်းစားသူ ၆၀ရာခိုင်နှုန်း ခန့် ကွမ်းဖြတ်ရန် ကြိုးစားမှု ရလဒ်များရရှိအောင်မြင် ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှသိရသည်။

ကွမ်းယာနှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲ ခြင်းအန္တရာယ် အသိပညာပေး လှုပ်ရှားမှု သည် မြန်မာလူငယ်လေး များ ကိုအဓိကကွမ်းယာ များစပြီးမစားသုံးရစေရန် ကာကွယ်သွားလိုသည့် ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply