ပြည်ခိုင်ဖြိုး ပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်စီးခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ် ဟု ပါတီပြောရေးဆိုခွင့်ရှိသူဆို

0
197

အောက်တိုဘာ ၉
နိုင်လင်းဦး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်စီးခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က The Fifth Wave News ကို ပြောသည်။

မြင်းခြံမြို့နယ်​၊ ရှား​တော​ကျေးရွာ အ​ရှေ့ကုန်း​ရေတွင်းအနီး ပြည်​ခိုင်​ဖြိုးပါတီမှစိုက်​ထူထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ​ဒေါက်​တာသန်းဝင်း၏ အောင်​နိုင်​​ရေး မဲဆွယ်ဆိုင်းဘုတ်​အား အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်းက ဖျက်စီးခံခဲ့ရသည်။

“ပျက်စီးရာ ပျက်စီးကြောင်း မလုပ်သင့်ဘူး ။ ဒီလို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့သူတွေကို ကျနော်တို့ပါတီအနေနဲ့ အပြင်းအထန် ကန့်ကွက်ပါတယ် ။ ဒီလိုလုပ်ဆောင်တဲ့သူတွေကိုလည်း အရေးယူဆောင်ရွက်ပေးဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းပါတယ် ။အမုန်းပွားမှုတွေကို ဆောင်ရွက်ရင် ဒီမိုကရေစီ မဟုတ်ပဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ အကြမ်းဖက်မှုတွေ ဖြစ်ပွားမှာကို စိုးရိမ်ပါတယ် ။ ဒီလို ထိပ်တိုက်ရင်ဆိုင်မှုတွေ အကြမ်းဖက်မှုတွေ မဖြစ်စေချင်တဲ့ဆန္ဒကျွန်တော်တို့ပါတီက ရှိပါတယ် ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောသည်။

ထိုသို့ ပါတီ မဲဆွယ်ဆိုင်းဘုတ်ဖျက်စီးခံရခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားထားပြီး ဥပဒေအရအရေးယူဆောင်ရွက်မှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုဆောင်ရွက်မှုမျိုးကို အလွန်အင်မတန်မှ အောက်တန်းကျတယ်လို့ ရှုမြင်ပါတယ်။ ဒီလိုအောက်တန်းကျတဲ့ လုပ်ရပ်မျိုးကို မည်သည့်ပါတီကိုမှ မည်သူကမျှ မဆောင်ရွက်သင့်ဘူးလို့ တိုက်တွန်းလိုပါတယ်” ဟု ဦးသိန်းထွန်းဦး က ဆက်လက် ပြောသည်။

Leave a Reply