ကန့်ကွက်မှုများရှိသော်လည်း ကရင်ပြည်နယ်တွင် ကျောက်မီးသွေးစက်ရုံ အကောင်အထည်ဖော်ရန် စီစဉ်

0
174

ရန်ကုန် ၊ဒီဇင်ဘာ ၃၀ ၊၂၀၁၇

ကရင်ပြည်နယ်အတွင်း တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်ရန် စီစဉ်ထားပြီး အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ မှ ဦးစောမိုးမြင့် က ပြောသည်။

အဆိုပါ စက်ရုံ တည်ဆောက်ရေးအတွက် ကာဗွန်လျှော့ကျမှုအနည်းဆုံး နည်းပညာဖြင့်တည်ဆောက်ထားသော ဂျပန်နိုင်ငံကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများသို့ သွားရောက်လေ့လာခဲ့ပြီး တွေ့ရှိချက် များကို ပြည်သူများအားယနေ့တွင် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ၄င်းက အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ လျှပ်စစ်ကို ရတဲ့နေရာ ကနေယူရမယ်။ ဂျပန်သွားပြီးလေ့လာခဲ့တာက ဆိုးကျိုးအနည်းဆုံးပဲ။ ဒီနည်းအတိုင်း တည်ဆောက်ရင် ဘာမှမဖြစ်နိုင်ဘူး။ ကာဗွန်အထွက်နည်းတယ်။ ရောဂါတွေလည်းမဖြစ်နိုင်ဘူး။ အဲဒီ့တွေ့ရှိချက် ကို ပြည်သူတွေကို ဒီနေ့ရှင်းပြတယ်။ တက်လာသူတွေထဲမှာတော့ ကန့်ကွက်တဲ့သူမရှိသလောက်ပဲ” ဟု ဦးစောမိုးမြင့် က ရှင်းလင်းပွဲနှင့် ပတ်သက်ပြီး ပြောကြားသည်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန်အတွက် ဘားအံမြို့ မြောက်ဘက်ပိုင်းရှိ မြေနေရာကို ရွေးချယ်ထားပြီး တည်ဆောက်မည် ဆိုပါက ၂၀၁၈ ခုနှစ်အတွင်း တည်ဆောက်ရန်လျာထားကြောင်းလည်း ၄င်းပြောပြချက်အရသိရသည်။

လျှပ်စစ်ရရှိရန်အတွက် ကျောက်မီးသွေးကိုရွေးချယ်ရခြင်းမှာ အကောင် အထည်ဖော်ရန် နှစ်နှစ်ခန့်သာ ကြာမြင့်ခြင်း၊ ရေကာတာ များကဲ့သို့ အချိန်ခြောက်နှစ်မှ ရှစ်နှစ်အထိ မကြာမြင့်ခြင်း တို့ကြောင့် ဖြစ်ကြောင်း ၄င်းကပြောပြသည်။

ယနေ့ပြုလုပ်သည့်ရှင်းလင်းပွဲကို တက်ရောက်ခဲ့သော သံဃာတစ်ပါးအား ဆက်သွယ်မေးမြန်းရာတွင် ယင်းက “ သူတို့ပြောသွားတာ အကောင်းတွေ ချည်းပဲ။ အဆိုးတစ်ခုမှ မပါဘူး။ အဆိုးမရှိရင် ဘယ်သူတွေက ကန့်ကွက် မှာလဲ။ ရှင်းပြတာတွေကို နားမထောင်ချင်တော့လို့ မပြီးခင်ထပြန် လာခဲ့ တယ်။ စီမံကိန်းအကာင်အထည်ဖော်ရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကန့်ကွက် မယ်။” ဟု မိန့်ကြားသည်။

ကရင်ပြည်နယ်အတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် ယခုလအတွင်း ဂျပန်နိုင်ငံရှိကျောက်မီးသွေး စက်ရုံများသို့ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ သံဃာတော်ကြီးများ၊ ဒေသခံများ၊ KNU လက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များ က သွားရောက်လေ့လာခဲ့ပြီး ယနေ့တွင် ပြန်လည် ရှင်းလင်းခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါကျောက်မီးသွေးသုံးလျပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေချိန်တွင် ဘားအံမြို့တွင် ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ဖူးသည်။

သျှင်ရဲထွဋ်

Leave a Reply