အွန်လိုင်းတွင် ရောင်းချနေသော လိင်အင်္ဂါကြီးထွားဆေးနှင့် ကာမအားတိုးဆေးများကို ထိရောက်စွာအရေးယူရန်လိုအပ်နေ

0
266

ရန်ကုန်။ ဒီဇင်ဘာ ၂၈ ၊ ၂၀၁၇

Facebook လူမှုကွန်ယက်စာမျက်နှာရှိ ပေ့ခ်ျ ၊ဂရုပ်ဖ်များတွင် ရောင်းချနေသည့် တရားဝင်ခွင့်ပြုထားခြင်းမရှိသော အမျိုးသား လိင်အင်္ဂါကြီးထွားဆေးများနှင့် ကာမအားတိုးဆေးများကို ထိထိရောက်ရောက် အရေးယူရန် လိုအပ်ကြောင်း နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကသုံးသပ်ပြောကြားကြသည်။

အဆိုပါဆေးများကို အွန်လိုင်းရှော့ပင်းရောင်းဝယ်မှုများအဖြစ် ရောင်းဝယ်နေကြခြင်းဖြစ်ပြီး ဆေးများ၏ ကောင်းကျိုး၊ဆိုးကျိုးများကို သေချာစွာမသိရှိပဲ သုံးစွဲနေခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပွားလာနိုင်သည့် ကျန်းမာရေး ဆိုးကျိုးများရှိလာနိုင်ကြောင်း ရောင်ခြည်သစ် အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်စွာဦးက ပြောသည်။

ကာမအားတိုးဆေးအဖြစ် အွန်လိုင်းပေါ်မှရောင်းချနေသည့် အားတိုးဆေးကဲ့သို့ ဆေးဝါးများမှာ ဟော်မုန်းသဘော တရားအရ ကာမနှင့်ပတ်သတ်၍ ကြွက်သားသန်မာမှုနှင့် သုတ်ရေထုတ်လွှတ်မှုတွင် ထိရောက်မှု ရှိသည့်အတွက် အသက်အရွယ်ကြီးသည့် အမျိုးသားများကို ကျန်းမာရေးအရ စနစ်တကျပေးလေ့ရှိသော်လည်း ယနေ့ခေတ်တွင် လူငယ်နှင့် လူလတ်ပိုင်းများကပါ အလွဲသုံးလာခြင်းမျိုး တွေ့ရကြောင်း ဒေါက်တာကျော်စွာဦးက ဆက်လက်ပြောကြားသည်။

” ဒီနေ့ခေတ်မှာကျတော့ ကာမကိစ္စ ဆက်ဆံတာအတွက်ကိုပဲ လူငယ်လူလတ်ပိုင်းတွေ တချို့လူကြီးပိုင်းတွေက အလွဲသုံးလာတာတွေရှိတယ်။ ဒီဟာတွေသုံးခြင်းအားဖြင့် ဘာတွေဖြစ်လာနိုင်လဲဆိုတော့ ရင်သားကြီးလာနိုင်တယ်။ အမွေးအမှင်တွေထူလာတယ် တချို့ ထိပ်ပြောင်လာတယ်။ ၀က်ခြံပေါက်လာတယ်။ အရေပြားနဲ့ ဓာတ်မတည့်တဲ့အခါမှာဆို အင်ပြင်တွေ ထလာတယ်။ ပျို့အန်ချင်တယ်။ ခေါင်းကိုက်တယ်။ ထုံတာ ကျင်တာတွေလည်း ဖြစ်တတ်ပါတယ်။ ကာမဆန္ဒ ကောင်းဖို့အတွက် သောက်တယ်ဆိုပေမယ့် သူ့ရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာမစိတ်ကျသွားတာလည်း ဖြစ်တတ်ပါတယ်။ ဒါကတော့ ဘေးထွက်ဆိုးကျိုးတွေပေါ့” ဟု ၎င်းက ရှင်းပြသည်။

အွန်လိုင်းရှော့ပင်းအဖြစ် ရောင်းချနေသည့်ဆေးဝါးများတွင် အရည်အသွေး ကောင်းမွန်သည့် လူသုံးကုန်ပစ္စည်း ဆေးဝါးနှင့် အစားအသောက်များ ရှိသော်လည်း လိမ်ညာရောင်းချသူများကြောင့် ပြည်ထောင်စုအဆင့် အနေဖြင့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်လိုအပ်ပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်စွာ ရောင်းချနေသူများအတွက်လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

“SME လုပ်တဲ့သူတွေကိုလည်း တစ်ဖက်က စဉ်းစားသင့်သလို တစ်ဖက်ကလည်း လိမ်တာမခံရအောင်လည်း ကျွန်တော်တို့က နှစ်ပိုင်းတော့ စဉ်းစားသင့်တာပေါ့” ဟု ဦးနေဘုန်းလတ်ကပြောသည်။

အွန်လိုင်းရှော့ပင်းများမှ ကြော်ငြာအားကောင်းကောင်းဖြင့် ရောင်းချနေသည့် ဆေးဝါးများမှာ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးညွှန်ကြားမှု ဦးစီးဌာန FDA ၏ခွင့်ပြုချက်ဖြင့် တရားဝင်တင်သွင်းရောင်းချခြင်း မဟုတ်သည့် ဆေးဝါးများဖြစ်ကြောင်း ဒေါက်တာကျော်စွာဦးကဆိုသည်။

အဆိုပါအွန်လိုင်း Facebook နှင့် Website များကို အရေးယူဆောင်ရွက်ရန် သက်ဆိုင်ရာမှ ခြေရာခံလိုက်ပါက အဆိုပါအွန်လိုင်းဆိုဒ်များမှာ ပိတ်သွားခြင်းနှင့် ဆက်သွယ်ရန်ပေးထားသည့် ဖုန်းနံပါတ်များမှာ ခေါ်ဆို၍ မရရှိတော့သည့် ဖြစ်ရပ်များနှင့်ကြုံတွေ့ရကြောင်း FDA ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်ကဆိုသည်။

တရားမ၀င် လိင်စိတ်ကြွဆေးဝါးများကို ရောင်းချနေသည့် အွန်လိုင်းဆိုဒ်များအား အရေးယူဆောင်ရွက်ရန်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေရသည့် အခြေအနေမှာပင် ရှိသေးကြောင်း ဒေါက်တာမင်းဝန်က ဆက်လက်ပြောသည်။

“အားလုံးကို လိုက်နိုင်အောင်လို့တော့ လုပ်နေကြတယ်။ ဥပဒေလည်း ထွက်လာအောင်ပေါ့။ အခုလောလောဆယ် အဲ့အတွက် ပတ်သတ်တဲ့ ဥပဒေလည်းမရှိသေးဘူး။ အဓိကကတော့ စားသုံးသူရေးရာကတော့ အဓိကလုပ်နေတာပေါ့။ သူတို့ကျတော့ အကုန်လုံးပါတယ်ဆိုတော့ အကောက်ခွန်ကလည်း ဥပဒေတစ်ခု ထွက်အောင်လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

အွန်လိုင်းဈေးကွက်တွင် ရောင်းချနေသည့် အမျိုးသား လိင်အင်္ဂါကြီးထွားဆေးများနှင့် ကာမအားတိုးဆေးများမှာ ပြည်တွင်းထုတ်ဆေးဝါးများနှင့် နိုင်ငံခြားမှတင်သွင်းသည့် ဆေးဝါးများဟူ၍ရှိပြီး တန်ဖိုးမှာ ကျပ်ငွေ ထောင်ဂဏန်းမှ သိန်းဂဏန်းနီးပါးဖြင့် ရောင်းချနေကြခြင်း ဖြစ်သည်။

အမျိုးသား လိင်အင်္ဂါကြီးထွားစေရန်အတွက် သောက်သုံးသည့် သောက်ဆေးများနှင့် ပတ်သက်၍ “ဟော်မုန်းတွေက ခန္ဓာကိုယ်ဖြစ်စဉ် ပြောင်းလဲမှုတွေ ရှိတယ်။ သဘာဝတရာအရ သူ့တာဝန်သူ လုပ်တာပေါ့နော်။ ခုနကပြောသလို သောက်ဆေးသောက်ရုံနဲ့ လိင်အင်္ဂါကြီးထွားလာတယ် ဆိုတာတော့ ကျွန်တော့်တစ်ယောက်တည်းရဲ့ အမြင်သုံးသပ်ချက်အရ မဖြစ်နိုင်ပါဘူး” ဟု ဒေါက်တာကျော်စွာဦးက သုံးသပ်ပြောဆိုသည်။

အွန်လိုင်းမှ ရောင်းချနေသော လိင်စိတ်ကြွဆေးဝါးများကို ၀ယ်ယူလိုပါက ဆေးဝါးရောင်းချသော Facebook PAGE ၏ မက်ဆေ့ဘောက်မှ တစ်ဆင့်လည်းကောင်း ကြော်ငြာထားသော ဆေးဝါးပစ္စည်းပို့စ်၏ အောက်တွင်ရှိသော ကော့မန့်ရေးသည့် နေရာမှတစ်ဆင့် အမည်နေရပ် လိပ်စာဖြင့် ၀ယ်ယူသူမှ ဆက်သွယ်ကာ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချနေကြခြင်း ဖြစ်သည်။

“ဆေးဝါးတို့ အစားအသောက်တို့ဆိုတာကိုတော့ အွန်လိုင်းပေါ်ကနေ ဘာမှခွင့်ပြုချက်တွေမရှိပဲနဲ့ ရောင်းချနေတာကတော့ ဘယ်လိုမှကို အဆင်မပြေဘူး။ အခြားဆေးဝါးမဟုတ်တဲ့ အထည်တို့ ဘာတို့ရောင်းတာက တော်သေးတယ်။ အဲ့လို မဟုတ်ဘဲနဲ့ ဆေးဝါးတွေ အစားအသောက်တွေကို သက်ဆိုင်ရာခွင့်ပြုချက်တွေပေါ့ သက်ဆိုင်ရာက ကွာလတီမှီရင်မှီတယ်ပေါ့ ဖြတ်သန်းပြီးမှပဲ အဲ့ကောင်တွေကို ရောင်းချသင့်တာပေါ့” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

ယင်းဆေးဝါးများကို ဖမ်းဆီးရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဆောင်ရွက်ရာတွင် ချစ်သူများနေ့ကဲ့သို့သော သမီးရည်းစား စုံတွဲများ လူငယ်များ ပျော်မြူးသည့်ကာလနှင့် သင်္ကြန်ကာလများ၌သာ ရှောင်တခင် စစ်ဆေးလေ့ရှိပြီး စီမံချက်ဖြင့် စစ်ဆေးအရေးယူမှုမှာ အားနည်းနေကြောင်း မင်္ဂလာဈေးရှိ ဆေးဝါးရောင်းဝယ်သူများထံမှ သိရသည်။

” ရက်ဂျစ်စတာ မလုပ်ထားတဲ့ဆေးကို ရောင်းချနေတာဖြစ်တဲ့အတွက် အရေးယူခွင့်ရှိတယ် ဆေးဝါးဥပဒေနဲ့အရေးယူလို့ ရတယ်။ အဲ့နေရာမှာရောင်းတယ်ဆိုရင် ဘာဆေးဆိုတာ သွားသိမ်းပြီးတော့ အဲ့ဒီအခါကျရင် CID တို့ဘာတို့နဲ့တွဲပြီး အလုပ်လုပ်လို့ရတယ်” ဟု FDA ၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေကို ဒေါက်တာမင်းဝန်က ရှင်းပြသည်။

အဆိုပါ ဆေးဝါးများကို သုံးစွဲသူများအတွက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်လိုအပ်ပြီး ထုတ်လုပ်သူနှင့် ဖြန့်ဖြူး ရောင်းချသူများကိုလည်း ပညာပေးရန်လိုအပ်ကြောင်း ဒေါက်တာကျော်စွာဦးက ဆိုသည်။

“လိင်မှုဆိုင်ရာ သဘောသဘာဝကတော့ မွေးစကနေသေတဲ့အထိ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒါကိုတားဆီးလို့တော့ မရဘူးပေါ့လေ။ ပြည်သူလူထုရဲ့ ကျန်းမာရေးအသိ ဗဟုသုတတွေ မြှင့်တင်ပေးဖို့ အရေးကြီးသလို အစိုးရပိုင်းအနေနဲ့ကလည်း ဥပဒေ၊နည်းဥပဒေ စည်းကမ်းတွေ အမိန့်ညွှန့်ကြားချက်တွေကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် အရေးယူနိုင်ရင်တော့ ပိုကောင်းတယ်။ ဥပဒေ မရှိသေးဘူးဆိုရင်တော့ ဥပဒေရှိနိုင်အာင် ကြိုးစားရမယ်” ဟု ၎င်း ကပြောသည်။

လက်ရှိတင်သွင်းရောင်းချနေသည့် အဆိုပါဆေးဝါးများနှင့်ပတ်သတ်၍ ဥပဒေတစ်ရပ် အမြန်ပေါ်ထွက်လာရန် အလွန်အရေးကြီးပြီး ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဖြစ်ပေါ်လာရေးအတွက် သက်ဆိုင်ရာမှ အလျင်အမြန် ဆောင်ရွက်သင့်ကြောင်း အဆိုပါပုဂ္ဂိုလ်များက သုံးသပ်ပြောဆိုခဲ့ကြသည်။

ကိုဥာဏ်

ဓာတ်ပုံ – အင်တာနက်

Leave a Reply