တက္ကသိုလ် (၁၆) ခုမှ လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်မည့် DOTA 2 ပြိုင်ပွဲကျင်းပမည်

0
141

အောက်တိုဘာ ၁၁
နိုင်လင်းဦး

မန္တလေးမြို့ရှိ တက္ကသိုလ်နှင့် ကောလိပ် ကျောင်း (၁၆) ခုမှ လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်မည့် DOTA 2 ပြိုင်ပွဲကို အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းပွဲပြုလုပ်ပြောကြားခဲ့သည်။

ယင်းပြိုင်းပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး Speed Gaming အဖွဲ့ က စီစဉ်ပေးခြင်းဖြစ်ကာ E-Sport ကစားကြသည့် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် အသင်း ၁၆ ခုပါဝင်မည်ဖြစ်သည်။

“ဂိမ်းနဲ့ပက်သက်တဲ့လူကြီးတွေရဲ့အမြင်ကို ကျွန်တော်တို့က ပြောင်းနိုင်အောင်ကြိုးစားချင်တယ် ။ လူကြီးတွေထင်နေတာက ဂိမ်းဆော့ခြင်းဟာ ပျက်ဆီးနေတဲ့လူငယ်တွေရဲ့ အလုပ်ပဲလို့ထင်တယ်။ ဂိမ်းဆော့နေတဲ့လူငယ်တွေက ပျက်ဆီးနေတယ်လို့ မြင်နေကြတယ် ။ ဒါတကယ်ဆို မဟုတ်ပါဘူး ။ နိုင်ငံတကာမှာ E Sport က တော်တော်လေး ကျယ်ပြန့်နေပါပြီ ။ ဒါကို သိစေချင်တယ်” ဟု အစိုးရစက်မှုလက်မှုသိပ္ပံမှ ကိုကျော်ဇေယျက ပြောကြားသည်။

ပြိုင်ပွဲတွင် ပါဝင်မည့် အသင်းများကို စက်တင်ဘာလ ထဲက စတင်၍ တက္ကသိုလ်အသီးသီး မှ ယှဉ်ပြိုင်ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲတွင် Dota 2 နှင့် ပက်သက်သည့် ဝတ်စားဆင်ယင်မှုပြိုင်ပွဲများ ၊ ဂိမ်းနှင့်ပက်သက်သည့် ဉာဏ်စမ်းပဟေဠိ မေးခြင်းများ ပြုလုပ်၍ ဆုချီးမြင့်သွားမည်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် E Sport နှင့် ပတ်သက်၍ အသိပညာအားနည်းသည့်အပြင် လူကြီး မိဘ များအနေဖြင့်လည်း အားပေးမှုနည်းကြောင်း သိရသည်။

Dota 2 ပြိုင်ပွဲတွင် ပထမဆုရရှိသည့်အသင်းကို Speed Gaming က ဆုငွေ ဆယ်သိန်း၊ ဒုတိယရသည့် အသင်းကို ဆုငွေ ငါးသိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး အောက်ဆုံးအဆင့်တွင်ရှိနေသည့်အသင်းများကိုလည်း ဆုငွေများပေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply