KNPP တပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့သည့်ဖြစ်ရပ် အမှုမှန်ပေါ်ပေါက်ရေး နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်ကြိုးပမ်းမည်

0
206

ရန်ကုန် ၊ ဇန်န၀ါရီ ၁ ၊၂၀၁၇

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ကို အမှုမှန်ပေါ်ပေါက်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)မှ ခွန်ရဲမင်းကျော်က ပြောသည်။

“ဒီကိစ္စဟာလူသတ်မှုဖြစ်တယ်။ လူသတ်မှုဆိုတာ ရဲအရေးပိုင်တဲ့ကိစ္စကို အခုထိတရားမစွဲသေးဘူး။ကျွန်တော်တို့က အမှု မှန်ပေါ်ပေါက်ရေးအတွက် လူထုကြားမှာ အသိပေးဆောင်ရွက်မယ့်ကိစ္စတွေရှိလာမယ်။ နည်းလမ်းပေါင်းစုံနဲ့ ဆက်လုပ် သွားမယ်။ လှုပ်ရှားမှုတွေက ရှိနေအုံးမှာပဲ”ဟုခွန်ရဲမင်းကျော်ကပြောသည်။

ဒီဇင်ဘာ ၁၉ ရက်က သစ်များတင်ဆောင်လာသည်ဆိုသော တပ်မတော်ရိက္ခာပို့သည့်ကားကို KNPP တပ်ဖွဲ့ဝင်များက တားဆီးခဲ့မှုကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် KNPP တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ပြီး အဆိုပါဖြစ်ရပ်ကိုအမှုမှန်ပေါ် ပေါက်ရေးအတွက် ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)က ဒီဇင်ဘာ ၂၂ရက်နေ့က လွိုင်ကော်မြို့တွင် ဆန္ဒထုတ် ဖော်ခဲ့ပြီး ခွန်ရဲမင်း ကျော်အပါအ၀င် ဦးဆောင်သူငါးဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ-၁၉ဖြင့် တရားစွဲဆိုကြောင်း ပြည်နယ် ရဲတပ်ဖွဲ့က နှုတ်အားဖြင့် အသိပေးခဲ့သည်။

“ဒီဇင်ဘာ ၃၀ရက်နေ့မှာနှုတ်အားဖြင့်လာပြီးစစ်မေးတယ်။ ကိုယ်ရေးအချက် အလက်တွေလာကောက်တယ် ပြီးတော့ မြို့နယ်တရားမှာ ဇန်န၀ါရီ၅ရက်နေ့ကျရင် တရားရင်ဆိုင်ဖို့ပြောဆို သွားတယ်”ဟု ခွန်ရဲမင်းကျော်ကပြောသည်။

တရားဝင်ရုံးမိန့်အကြောင်းကြားစာပေးပို့ထားခြင်းမရှိသေးသည့်အတွက် အကြောင်းကြားစာမပေးပို့ပါက ရုံးချိန်းကို အသိအမှတ်ပြုသွားရောက်မည် မဟုတ်ကြောင်း၎င်းကပြောသည်။

ဒီဇင်ဘာ ၂၂ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သော်လည်း လွိုင်ကော်မြို့ တွင် ဒီဇင်ဘာ ၂၉ရက်နေ့ကပြုလုပ်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကယားပြည်နယ်ရှိလူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်း အပြီးတွင်မှ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် KNPP တို့သည် ဒီဇင်ဘာ ၂၇ ရက်တွင် တွေ့ဆုံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် များကသေဆုံးသူ မိသားစုဝင်များအား ထောက်ပံ့ငွေ အဖြစ် ပြည်နယ်အစိုးရ က ကျပ်ငါးသိန်းစီပေးအပ်ခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် အစိုးရနှင့် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်လက်မှတ်ရေးထိုးထားသော်လည်း NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသောအဖွဲ့လည်းဖြစ်ပြီး ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဦးဆောင်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။

ကိုဥာဏ်

Leave a Reply