Alibaba မှ အကြီးမားဆုံးအွန်​လိုင်း ဈေးရောင်းပွဲတော် ကို မြန်​မာတွင်​ ပထမဆုံးအကြိမ်​ ကျင်းပမည်

0
42

အောက်​တိုဘာ ၂၀
ဝေဝေဖြိုး

Alibaba မှ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နေရာအနှံ့အပြားတွင် ကျင်းပပြုလုပ်သော “11.11 The World’s Biggest Sale Day” ဈေးရောင်းပွဲတော်ကို ယခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်​ ပါဝင်​ကျင်းပသွားမည်​ဖြစ်​ကြောင်း အောက်​တိုဘာလ ၁၉ ရက်​က ဆူးလေရှန်​ဂရီ လာတွင်​ ပြုလုပ်​သည့်​ သတင်းစာရှင်းလင်းပွဲမှသိရသည်​။

ယင်းဈေးရောင်းပွဲတော်​ကို Alibaba ၏ မိသားစုဝင်ဖြစ်သူ SHOP မှ ဦးဆောင်၍ နိုဝင်​ဘာလ ၁၁ ရက်​ တစ်​ရက်​တည်းသာ Shop ၏ Website နှင့်​ Apps တို့မှ ရောင်းချ သွားမည်​ဖြစ်​သည်​။

“ရောင်းသူတွေ ဝယ်​သူတွေအတွက်​ကို ဒီနှစ်​မှာ Shop အနေနဲ့အသစ်​မိတ်​ဆက်​ပေးမယ့်​ ပွဲတစ်​ခုရှိတယ်​ ။ဒီပွဲက Alibaba ကနေ စတင်​မိတ်​ဆက်​ခဲ့တဲ့ ပွဲလဲဖြစ်​တယ်​။တရုတ်​နိုင်​ငံမှာဆိုရင်​ ၂၀၁၃ ကစပြီးတော့ ပြုလုပ်​ခဲ့တဲ့ 11.11ဆိုတဲ့ ပွဲပဲဖြစ်​ပါတယ်။ ဒီဈေးရောင်းပွဲတော်​ကြီးကို မြန်​မာ အပါအဝင်​ စုစုပေါင်း ၁၁ နိုင်​ငံမှာ ကျင်းပ သွားမှာ ဖြစ်​ပါတယ်​။ 11.11ဈေးရောင်းပွဲတော်​မှာ အမြင့်​ဆုံး စံချိန်​တင်​ခဲ့တာက ၁ စက္ကန့်​အတွင်းမှာ Order ပေါင်း သုံးသိန်းကျော်​ထိ လက်​ခံရရှိခဲ့တယ်​။ Brand ပေါင်း တစ်​သိန်းလေးသောင်းကျော်​ထိပါဝင်ခဲ့တယ်​။Customer သန်းပေါင်းများစွာက နိုင်​ငံ ၂၂၅ နိုင်​ငံကနေ အွန်​လိုင်းဈေး ရောင်းပွဲတော်​မှာ ပါဝင်​ခဲ့ကြဖူးပါတယ်​။”ဟု SHOP မှ Co-Managing Director,Mr.Frans Maas ကပြောသည်​။

ယခုနှစ်​ မြန်​မာနိုင်​ငံ၌ ပြုလုပ်​မည့်​ 11.11 ဈေးရောင်း ပွဲတော်​တွင်​ Shop ၌ ရှိသည့်​ ထုတ်​ကုန်​ ကုန်​ပစ္စည်းများအားလုံးကို ၉၀ ရာခိုင်​နှုန်းထိ လျော့ဈေးများနှင့်​ ရောင်းချပေးမည်​ဖြစ်​ပြီး ယင်းနေ့တွင်​ဝယ်​ယူသည့်​သူများအားလုံးကို အခမဲ့ ပို့ဆောင်​ပေးမည်​ဖြစ်​သည်​။

ဈေးရောင်းပွဲတော်တွင် လူသုံးကုန်လျှပ်စစ် ပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ နာမည်ကြီး Branded ပစ္စည်းများ၊ အလှအပဆိုင်ရာ ပစ္စည်းများနှင့် အားကစားပစ္စည်းများကို အထူးလျော့ဈေးများဖြင့်​ အွန်းလိုင်းမှ ဝယ်​ယူနိုင်​မည်​ဖြစ်​သည်​။

“မြန်​မာနိုင်​ငံမှာ Shop အနေနဲ့ အွန်​လိုင်းရှော့ပင်​ ပလက်​ဖောင်းအနေနဲ့ ရှိနေတဲ့အချိန်​မှာ စီးပွားရေး အကြီးကြီးတွေကိုလည်း ဖိတ်​ခေါ်လျက်​ရှိပါတယ်​။ အခုမှစပြီး အွန်​လိုင်း စီးပွားရေးထဲကို စတင်​ရောင်းချမယ့်​သူတွေအတွက်​ကိုလည်း ရပ်​တည်​ပေးလျက်​ရှိပါတယ်​။ ရောင်းတဲ့သူတွေအနေနဲ့ လွယ်​လွယ်​ကူကူဟသက်​သက်​သာသာနဲ့ရောင်းလို့ရနိုင်​ဖို့အတွက်​ Shop အနေနဲ့ အခုက စပြီး ၀ ရာခိုင်​နှုန်းကော်​မရှင်​နဲ့ ရောင်းတဲ့သူတွေအတွက်​ သတ်​မှတ်​ပေးသွားမှာဖြစ်​ပါတယ်​။ Shop မှာက မြန်​မာနိုင်​ငံက ပထမဆုံး ၀ ရာခိုင်​နှုန်းကော်​မရှင်​ကို စကျင့်​သုံးတဲ့နိုင်​ငံဖြစ်​တယ်​။ အောက်​တိုဘာလ ၁၅ရက်​ မှာ စပြီးအကျိုးသက်​ရောက်​တယ်​ ။ ဘယ်​ကာလထိ ဆိုတာတော့အတိကျပြောလို့မရသေးဘူး ။”ဟု ၎င်းကပြောသည်​။

ထို့ပြင်11.11 The World’Biggest Sale Day ဈေးရောင်းပွဲတော်တွင် Visa မှ လည်း ဈေးဝယ်သူများအတွက် Excluusive Promotion ကို အသုံးပြုမှု မြင့်တက်စေရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်သည်။

SHOP တွင် လူသုံးကုန်ပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် အလှအပဆိုင်ရာ ပစ္စည်းများ၊ အစရှိသော ပြည်တွင်းမှ နာမည်ကြီး Branded ပစ္စည်းများကို အိမ်အရောက် ၀န်ဆောင်မှု စနစ်ဖြင့် Debit Card (သို့မဟုတ်) Credit Card နှင့် ငွေပေးချေခြင်း၊ အော်ဒါမှာယူ၍ ၀ယ်ယူနိုင်သည်။

ယင်း shop.com.mm ကို ပြီးခဲ့သည့် မေလတွင် Alibaba က ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး Alibaba အနေနှင့် ၀င်ရောက်လာခြင်းမှာ မြန်မာ၏ e- commerce သည်​ ယခုထက်ပို၍ တိုးတက်မည်ဟု ယုံကြည်သောကြောင့် မြန်မာဈေးကွက်သို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ e- commerce နှင့် လုပ်ဆောင်ပေးရခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များအတွက် အဓိအားထားလုပ်ဆောင်ခြင်းဖြစ်ပြီး shop.com.mmနှင့် ချိတ်ဆက်ပြီး ဈေးရောင်းချမည့် သူများအတွက်လည်း သုညရာခိုင်နှုန်း ကော်မရှင်နှင့် လက်ရှိတွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။

shop.com.mm ကို ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး Daraz သည် Alibaba Group Holding Limitedမှ ပိုင်ဆိုင်သည်။

Photo : JPaing / MPA

Leave a Reply