JICA နှင့် MEB တို့မှ ထုတ်ချေးပေးသည့်ချေးငွေများထဲမှ အကြီးစားချေးငွေအစီအစဉ်များကို ချေးယူသူမရှိ

0
135

အောက်တိုဘာ ၂၀
နိုင်​လင်းဦး

မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကတစ်ဆင့်ထုတ်ချေးပေးနေသည့် JICAနှင့် MEB (Two Step Loan)ချေးငွေအစီအစဉ်အများတွင် အကြီးစားချေးငွေအစီအစဉ်များကို ချေးယူသူမရှိသေးကြောင်း သိရသည် ။

ချေးယူသူအများစုမှာ အသေးစားများဖြစ်သည့် လယ်ယာသုံးစက်ကရိယာများ အတွက်သာချေးယူကြပြီး စက်ရုံ၊ ကုန်တင်ကား၊ ဂိုဒေါင် စသည့် အကြီးစားများအတွက်ချေးယူရန် လျှောက်ထားသူမရှိသေးကြောင်း သိရသည် ။

“JICA ချေးငွေကို ချေးပေးနေတာကြာပြီ ။ အဲဒီချေးငွေမှာလည်း လယ်ယာသုံးစက်ပစ္စည်းတွေအတွက်ပဲ ချေးငွေယူသေးတယ်။ ချေးငွေအစီအစဉ်မှာပါတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေအတွက် လျှောက်ထားတာမရှိသေးဘူး။ မြန်မာ့စီးပွားရေးဘဏ်က ချေးတဲ့ MEB (Two Step Loan)က ဒီMiniဘတ်ဂျက်ထဲမှာချေးတာ။ ခုတော့ ပထမအကြိမ်ချေးငွေချပေးပြီးပြီ။ ချေးငွေလျှောက်ထားတဲ့ထဲမှာ သိန်း၂၀၀အောက်ချေးငွေတွေပဲပါသေးတယ်။´´ ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစု က ပြောသည်။

ယင်းချေးငွေအစီအစဉ်များတွင် လယ်ယာစိုက်ပျိုးရေး ၊မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများအား အထောက်အထား၊အာမခံခိုင်လုံပါက ချေးငွေများကို ထုတ်ချေးနိုင်ပြီး ချေးငွေပြန်ဆပ်ရန်ကာလကို နှစ်တိုချေးငွေ ၃နှစ်၊နှစ်ရှည်ချေးငွေကို ၅နှစ် သတ်မှတ်ထားသည်။

ထုတ်ချေးရာတွင် ကျပ်သိန်း ၅၀၀ အောက်ချေးငွေမးကို တိုင်းဒေသကြီး အဆင့်က စိစစ်ပြီး ၊ ကျသိန်း ၁၅၀၀ မှ ကျပ်သိန်း ၃၀၀၀ အထိ နေပြည်တော် ရုံးချုပ်က စိစစ်ကာ ကျပ်သိန်း ၅၀၀၀ ချေးပါက ဝန်ကြီးဌာန က စီစ်ကြောင်း သိရသည် ။

JICAမှထုတ်ချေးပေးထားသည့် ချေးငွေပမာဏမှာ မန္တလေးတိုင်းဒေသကြီး မြို့နယ်(၂၀)တွင် ၂၀၁၇-၁၈ဘဏ္ဍာနှစ် က ထွန်စက်ကြီး ၆၆စီး၊ရိတ်ခြွေစက် ၂၇စီး၊ထော်လာဂျီ ၁၉စီး တို့အတွက် ချေးငွေပေါင်း(၃၆၂၆.၉၄)သန်းထုတ်ချေးထားပြီး ၂၀၁၈-၁၉ Mini ဘတ်ဂျက်တွင် ထွန်စက်ကြီး ၉၆စီး၊ရိတ်ခြွေစက် ၅၁စီး၊ ထော်လာဂျီ ၃၄စီးတို့အတွက် ချေးငွေပေါင်း(၅၉၀၉.၅၀)သန်း ထုတ်ချေးထားသည်။

လက်ရှိအချိန်ထိ MEB အနေဖြင့် ထုတ်ချေးထားသည့် ချေးငွေပမာဏမှာ ထွန်စက်၁၂စီး၊ထော်လာဂျီ ၇ စီး တို့အတွက် (၂၄၃.၃၉)သန်းထုတ်ချေးထားပြီး လက်ဖက်လုပ်ငန်းအတွက် ချေးငွေ(၁၅)သန်းထုတ်ချေးထားကြောင်းသိရသည်။

၎င်းချေးငွေများမှာ တောင်သူများကို ငွေသားများကို တိုက်ရိုက်ထုတ်ချေးပေးခြင်းမရှိပဲ ဝယ်ယူလိုသည့် စက်ကိရိယာများကိုသာ ရရှိမည်ဖြစ်သည်။

Leave a Reply